စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းအား ခန့်အပ်
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းအား ခန့်အပ်ကြောင်း ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ် ၅၁ / ၂၀၂၅ ဖြင့် ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ဦးကျော်နိုင်ဝင်း အား စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက နိုဝင်ဘာ ၂၅ ရက်တွင် တာဝန်မှရပ်စဲခဲ့ပြီးနောက် လစ်လပ်နေသည့် ၎င်းနေရာတွင် ဦးကျော်နိုင်ဝင်းအား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စက်သုံးဆီတင်သွင်းရာတွင် စျေးကစားမှုနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်းရာတွင် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်မှရပ်စဲခံခဲ့ရခြင်းလည်း ဖြစ်သည်။