ရွှေထည်နှင့် ငွေကျပ်သိန်း ၁၀၀၀လုယက်သူများကို ဖမ်းဆီးရမိ
ရန်ကုန်မြို့ လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း၁၀၀၀ လုယက်သွားသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက လသာမြို့နယ်မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဇင်ရွှေဆိုင်တွင်ဆိုင်ဖွင့်ရန် ပစ္စည်းချနေစဉ် maskတပ်ထားသော လူနှစ်ဦး ရောက်လာကာ သေနတ်ပြ ခြိမ်းခြောက်ပြီး ရွှေထုပ်နှင့် ငွေများကို လုယက်သွားသည့်လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာကို ဒီဇင်ဘာ ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာမှတစ်ဆင့် CCTV များကို လိုက်လံစစ်ဆေးရာမှ လုယက်မှု
ကျူးလွန်သူများဖြစ်သော သာကေတမြို့နယ် အမှတ်(၈)ရပ်ကွက်မှ ...လက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးကို၊ သက်သေခံပစ္စည်းများကို လက်ခံသိမ်းဆည်းပေးထားသော မသင်းမိုးကြူတို့ကိုအဆိုပါ လက်ဖက်ရည်ဆိုင်၌ လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ စည်ပင်ရေစက် မောင်းဦးသန်းထွန်းဆိုသူအား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား စစ်ဆေးရာလုယက်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံပစ္စည်းငွေနှင့် ရွှေထည်များ၊ ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုခဲ့သည့် လုပ်သေနတ်နှင့် ကျည်များကို သက်သေများရှေ့တွင် သိမ်းဆည်းပြီး ပြစ်မှုဆိုင်ရာဥပဒေအရ တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်ကလည်း တာမွေမြို့နယ် တာမွေကြီး(က/ဂ)ရပ်ကွက် (၁၅၅) လမ်းရှိ
တိုက်ခန်းတစ်ခန်း ဖောက်ထွင်းခံရပြီးငွေသားကျပ် ၁၆ သိန်းနှင့် စက်ဘီး၊လက်ပ်တော့နှင့် နားကပ် စသည့်ပစ္စည်းများ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။