ထိုင်း နခွန်ပထုံခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၃၈ ဦး ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်အုန်းယိုင်နယ်မြေရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၈ ဦးအား စက်ရုံက ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ထုတ်ခဲ့သဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၃၈ ဦးသည် အနည်းဆုံး လုပ်သက် သုံးလမှ အများဆုံးလုပ်သက် နှစ် ၂၀ ကျော်ရှိပြီး စက်ရုံပိုင်ရှင်က ၎င်းတို့ကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများ နစ်နာခဲ့ရမှုနှင့်ပတ်သက်ပြီး ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီဆောင်ပေးနေသည့် M.H.A.C မဟာမိတ်အဖွဲ့က ထိုက်သင့်သော ခံစားခွင့်များရရှိရန် လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စက်ရုံပိုင်ရှင်ဖြစ်သူက အလုပ်သမားများအား နစ်နာကြေး ၇၀ ရာခိုင်နှုန်းပေးချေမည်ဟုပြောဆိုကာ ၎င်းအားအလုပ်သမားကာကွယ် စောင့်ရှောက်ရုံး (စဝတ်ဒီကန်) တွင် တိုင်ကြားခြင်းမပြုရန် လာရောက်ညှိနှိုင်းခဲ့ကြောင်းသိရသည်။
သို့သော် မြန်မာအလုပ်သမားများက နစ်နာကြေး အပြည့်အဝ မပေးချေသည့် စက်ရုံပိုင်ရှင်ကို သက်ဆိုင်ရာ နယ်မြေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားထားပြီး ထိုင်းဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။