အမေရိကန်လုံခြုံရေးအာမခံချက်ပေးပါက ရွေးကောက်ပွဲကျင်းပမည်ဟု ဇီလန်စကီးပြောကြား

အမေရိကန်ပြည်ထောင်စုနှင့် အခြားမဟာမိတ်များက ရွေးကောက်ပွဲလုံခြုံရေးအတွက် အာမခံ ချက်ပေးနိုင်မည်ဆိုလျှင် သုံးလအတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် မိမိပြင်ဆင်ထားကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ဒီဇင်ဘာ ၉ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
ရုရှားနှင့် စစ်မက်စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကြေညာပြဋ္ဌာန်းထားသော စစ်အုပ်ချုပ်ရေးဥပဒေအရ စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲများကျင်းပမှုကို ပိတ်ပင်ထားသည်။
သို့ရာတွင် ၂၀၂၄ ခုနှစ်အတွင်း သမ္မတရာထူးသက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်သော ယူကရိန်းသမ္မတ ဇီလန်စကီးမှာ ရွေးကောက်ပွဲများ ကျင်းပပေးရေးအတွက် အမေရိကန်သမ္မတဒေါ် နယ်ထရန့်၏
ဖိအားပေးမှုနှင့် ထပ်မံရင်ဆိုင်နေရသည်။
မိမိအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပပေးရန် အသင့်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပမဟာမိတ်များက လုံခြုံရေးအာမခံချက်ပေးမည်ဆိုလျှင် နောင်ရက်ပေါင်း ၆၀ မှ ၉၀
အတွင်း ယူကရိန်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက
သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်း အစိုးရအနေဖြင့် စစ်ပွဲကိုအကြောင်းပြ၍ ရွေးကောက်ပွဲကို ရှောင်ရှားနေပုံရကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပေါ်လစ်တီကို မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့ပြီးနောက် ယူကရိန်းသမ္မတဇီလန်စကီး၏ တုံ့ပြန်မှုပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံက လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်နေချိန်၊ ယူကရိန်းပြည်သူ သန်း
ပေါင်းများစွာ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်နေချိန်တွင် ရွေးကောက်ပွဲကျင်းပရေးကို ယူကရိန်းအစိုးရက ငြင်းပယ်ထားသည်။

image