နိုင်ဂျီးရီးယားစစ်ဘက်တာဝန်ရှိသူ ၁၁ ဦး ဘာကီနာဖာဆိုတွင် ခေတ္တဖမ်းဆီးခံရ

နိုင်ဂျီးရီးယားစစ်ဘက်အရာရှိ ၁၁ ဦးနှင့် ၎င်းတို့၏လေယာဉ်သည် ဘာကီနာဖာဆိုနိုင်ငံအတွင်း အရေးပေါ်ဆင်းသက်ပြီးနောက်ခေတ္တထိန်းသိမ်းခံခဲ့ရကြောင်း ဘာကီနာဖာဆိုလုံခြုံရေးသတင်းရင်းမြစ် များက ဒီဇင်ဘာ ၉ရက်တွင် ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယား လေတပ်၏ စီ- ၁၃၀အမျိုးအစားလေယာဉ်သည် ဒီဇင်ဘာ ၈ ရက်တွင် ဘာကီနာဖာဆို၏ လေပိုင်နက်ထဲသို့ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့ကြောင်း ဘာကီနာဖာဆို တာဝန်ရှိသူများက ပြောကြားထားသည်။
ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာစစ်အစိုးရများ၏ ပူးတွဲကြေညာချက်တစ်စောင်တွင် ၎င်းတို့၏ လျင်မြန်သောစုံစမ်းစစ်ဆေးမှုအရ နိုင်ဂျီးရီးယားလေယာဉ်သည်အဖွဲ့ဝင်နိုင်ငံများ၏ လေပိုင်နက်နှင့် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်းအတည်ပြုထားသည်။
လေယာဉ်အမှုထမ်းနှစ်ဦးနှင့် လိုက်ပါသူကိုးဦးစလုံးသည် နိုင်ဂျီးရီးယားစစ်ဘက်အရာရှိများဖြစ်ကြပြီး နောက်ပိုင်းတွင်လေယာဉ်ကို ဆက်လက်ပျံသန်းခွင့်ပေးခဲ့သည်။
သို့သော် နိုင်ဂျီးရီးယားလေတပ်ကမူနည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့်ပေါ်တူဂီသို့ ဦးတည်နေသော အဆိုပါလေယာဉ်သည် ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘာကီနာဖာဆိုသို့ ဆင်းသက်ခဲ့ရကြောင်း ပြောသည်။
ကြေညာချက်တွင် လေယာဉ်အမှုထမ်းများ ဘေးကင်းပြီး အိမ်ရှင်အာဏာပိုင်များထံမှ နွေးထွေးစွာ ဆက်ဆံမှုရရှိခဲ့ကြောင်း ပြောကြားထားပြီး ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ရှိ၊ မရှိ ကိုမဖော်ပြခဲ့ပေ။

image