ကင်တပ်ကီပြည်နယ် တက္ကသိုလ်၌ပစ်ခတ်မှု သံသယရှိသူကို ဖမ်းဆီးထား
အမေရိကန် ပြည်ထောင်စုကင်တပ်ကီပြည်နယ်တက္ကသိုလ်တွင်သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးကျောင်းသားတစ်ဦး သေဆုံးခဲ့ကာတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၉ ရက်တွင်ပြောသည်။
အဆိုပါတက္ကသိုလ်မှ ကျောင်းသားမဟုတ်သော သံသယရှိသူတစ်ဦးကို ဖရန့်ဖို့ဒ်မြို့ရှိ ကျောင်းဝင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအပြီးတွင် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ပစ်ခတ်မှုသည် ကျောင်းဝင်း၏ တောင်ဘက်ခြမ်းရှိ အဆောင်တစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်းတက္ကသိုလ် တာဝန်ရှိသူများက ပြောသည်။
ကျောင်းဝင်း ပစ်ခတ်မှုသည်အစုလိုက်အပြုံလိုက်ပစ်ခတ်မှုမဟုတ်ဘဲ သီးခြားပစ်ခတ် မှုတစ်ခု ဖြစ်ကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အကြမ်းဖက်မှုအတွက် မိမိတို့နိုင်ငံတွင် နေရာမရှိကြောင်းနှင့်ထိခိုက်ခံရသော ကျောင်းသားမိသား
စုများအတွက် လွန်စွာဝမ်းနည်းကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောသည်။
ဖရန့်ဖို့ဒ်ရဲဌာန၊ တက္ကသိုလ်ကျောင်းဝင်း ရဲတပ်ဖွဲ့နှင့် ဖရန်ကလင်ကောင်တီ ရဲတပ်ဖွဲ့တို့က ပစ်ခတ်မှုကိုတုံ့ပြန်ဆောင်ရွက်ခဲ့ပြီးထိန်းချုပ်နိုင်ခဲ့သည်။ကျောင်းဝင်းရဲတပ်ဖွဲ့သည်လျင်မြန်စွာအရေးယူဆောင်ရွက်ခဲ့ပြီး သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့သည်။
ကျန်ရှိသော ရက်သတ္တပတ်အတွက် အတန်းများ၊ နောက်ဆုံးစာမေးပွဲများနှင့် ကျောင်းဝင်းလှုပ်
ရှားမှုများကို ဖျက်သိမ်းခဲ့ပြီး ကျောင်းသားများအား အိမ်ပြန်ရန် ရွေးချယ်ခွင့်ပေးထားကြောင်း တက္ကသိုလ်၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။