ဗင်နီဇွဲလားကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောကြီးတစင်းကို အမေရိကန်တပ်ဖွဲ့တွေ ဖမ်းဆီး

ဗင်နီဇွဲလားအစိုးရအပေါ် တိုးမြှင့်ဖိအားပေးမှုအဖြစ် အမေရိကန်တပ်ဖွဲ့တွေဟာ ဗင်နီဇွဲလားကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောကြီးတစင်းကို ဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။
“ဗင်နီဇွဲလားကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးခဲ့ပြီး ဒါဟာ သိမ်းဆည်းရမိသမျှမှာ အကြီးဆုံးဖြစ်တယ်” လို့ ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီလိုသိမ်းဆည်းမှုမှာ ရဟတ်ယာဉ်နှစ်စင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၁၀ ယောက်၊ ရေတပ်သား ၁၀ ယောက်အပြင် အထူးတပ်ဖွဲ့တွေပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီသင်္ဘောဟာ ဗင်နီဇွဲလားနဲ့ အီရန်မှ ပိတ်ဆို့အရေးယူထားတဲ့ ရေနံတွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ ရေနံစိမ်းတင်သင်္ဘော ဖြစ်တယ်လို့ ရှေ့နေချုပ် ပမ်ဘွန်ဒီက ပြောပါတယ်။ ဗင်နီဇွဲလားကတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ပင်လယ်ဓားပြမှုလို့ဆိုကာ ရှုတ်ချထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တွေရှိရာ ဗင်နီဇွဲလားကို ဖိအားပေးထိန်းချုပ်ပြီး အမေရိကန်ဟာ ရေနံတွေကို သိမ်းယူဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။ ဗင်နီဇွဲလားအနေနဲ့ ရေနံကိုလိုနီ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ကြောင်း သမ္မတ မာဒူရိုက အစောပိုင်းမှာ ပြောကြားထားပါတယ်။
ထရမ့်အစိုးရကတော့ ဗင်နီဇွဲလားဟာ မူးယစ်ဆေးဝါးတွေ အမေရိကန်ကို ပို့ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပြီး မကြာသေးမီလတွေအတွင်း မူးယစ်မှောင်ခိုသင်္ဘောတွေကို ဗုံးကြဲတိုက်ခိုက်တာအပါအဝင် သမ္မတမာဒူရိုကို ဖိအားပေးနေခဲ့ပါတယ်။
ဗင်နီဇွဲလားရေနံတင်သင်္ဘောကို သိမ်းဆည်းပြီးနောက် ရေတိုထောက်ပံ့မှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဗုဒ္ဓဟူးနေ့မှာ ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလား ရေနံတင်ပို့မှုကို ခြိမ်းခြောက်နိုင်တယ်လို့ ဆိုပါတယ်။
ရေနံတင်သင်္ဘော ဖမ်းဆီးသိမ်းဆည်းမှု စစ်ဆင်ရေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်သ် ကလည်း သိရှိထားပြီး ထရန့်အစိုးရဟာ ဒီလိုစစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

image