1 ပတ် - ဘာသာပြန်ပါ။

မြောက်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၃၀​ကျော် သေဆုံး ၊ ၇၀ ကျော်ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်ရှိ ဆေးရုံကို ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီ ကျော်လောက်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်အထိ ရှိထားတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါတဲ့အတွက် သေဆုံးမှုနူန်း ထပ်တိုးလာနိုင်တယ်လို့ မြေပြင် ကူညီရေး လုပ်နေသူဆီက သိရပါတယ်။
" သေဆုံးသူ ၃၃ယောက်က လက်ရှိရှာဖွေ လို့ရထားတဲ့ အလောင်း အရေအတွက်ပါ။ထပ်တိုးလာနိုင်တယ် ယူဆတယ်။ ထိခိုက်ဒဏ်ရာရက ကျွန်တော်တို့ ရထားတာ ၅၈ ယောက်ရှိတယ်။ ထပ်တိုးလာနိုင်သေးတယ် ။ အဆောက်အဦက တော်တော်ပျက်စီးသွားတယ် ။ တချို့ ရှာဖွေလို့ မပြီးနိုင်သေးတာတွေ ရှိတယ် ။ " လို့ စစ်ရှောင်အရေး ကူညီနေသူ ကပြောပါတယ်။
သေဆုံးသူတွေထဲမှာ ယောကျ်ားလေး ၁၆ ယောက် နဲ့ မိန်းကလေး ၁၇ ယောက် ပါဝင်ကြောင်း သိရပြီး လတ်တလောမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသမှု ပေးနေကြတယ်လို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ဆေးရုံ ရဲ့ ပင်မဆောင် ၊ ခွဲစိပ်ဆောင်၊ အရိုးဆောင် ၊ အဓိက ခွဲစိပ်ခန်းမ အပါအဝင် ဆေးရုံးဝန်း အတွင်းရှိ ဝန်ထမ်းအိမ်ယာ နဲ့ ဆေးရုံအနီးရှိ လူနေအိမ် အဆောက်အအုံတချို့လည်း ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့နယ်ထဲက နေရာအချို့မှာ AA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွား တာမျိုးရှိပေမယ့် လက်ရှိ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာနဲ့ စစ်ဇုန်ကဝေးကြောင်း ဒေသခံက ပြောဆိုပါတယ်။
ညက ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ကို ထောက်ခံသူတွေကတော့ အဆိုပါ တိုက်ခိုက်ခံရတဲ့ ဆေးရုံက AA တပ်ဖွဲ့ဝင် တွေကို ဆေးကုသပေးနေတဲ့ နေရာ ဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတာ ဆိုပြီး ရေးသား ဖော်ပြနေတာ တွေ့ရပါတယ်။ AAကထုတ်ပြန်တာ​တော့ မ​တွေ့ရ​သေးပါဘူး။
ဩဂုတ် ၂၅ ရက်နေ့ ကလည်း မြောက်ဦးမြို့မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀ ယောက်ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

image