ဆာလက်ကို ခေါ်ယူရေး ပစ်မှတ်ထားနေကြောင်း ဆော်ဒီပရိုလိဂ်အကြီးအကဲ အတည်ပြုလာ
=====================

ဆော်ဒီပရိုလိဂ်အကြီးအကဲအိုမာမူဂါဘယ်က လီဗာပူးတိုက်စစ်သမားမိုဟာမက်ဆာလက်ကို ခေါ်ယူရေး ဆော်ဒီကလပ်များ ပစ်မှတ်ထားနေကြောင်း အတည်ပြု ပြောကြားလာပါတယ်။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ နည်းပြအန်းဆလော့နှင့် ကလပ်ကို အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အင်္ဂါနေ့ညတုန်းက ဆန်စီရိုတွင် အင်တာမီလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် လီဗာပူးလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဆာလက်ဟာ စနေနေ့တုန်းက လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် လီဗာပူးကစားသမားဘဝတစ်လျှောက် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးတဲ့နောက် လီဗာပူးရဲ့ ရလဒ်ဆိုးရွားမှုများအတွက် သူ့အား အပြစ်ပုံချနေကြောင်း၊ အန်းဆလော့နှင့် ဆက်ဆံရေး မရှိတော့ကြောင်း လူသိရှင်ကြား ဝေဖန် ပြောကြားခဲ့ပါတယ်။
အင်တာမီလန်နှင့်ပွဲစဉ်မတိုင်မီ အန်းဆလောက ဆာလက်အနေဖြင့် ကလပ်နှင့် သူ့ကို တောင်းပန်မှု ပြုလုပ်လာပါက လီဗာပူးတွင် ပြန်လည်ကစားခွင့်ရလာနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မူဂါဘယ်က ဆော်ဒီကလပ်များက မိုဟာမက်ဆာလက်အား ခေါ်ယူရန် စိတ်အားထက်သန်နေကြကြောင်း အတည်ပြုလာပါတယ်။
ဆော်ဒီတွင် ပြုလုပ်တဲ့ World Football Summit တွင် ၎င်းက "မိုဟာမက်ဆာလက်ကို ဆော်ဒီလိဂ်က ကြိုဆိုပါတယ်။ ဒါပေမယ့် ကလပ်တွေအနေနဲ့ ကစားသမားတွေနဲ့ ညှိနှိုင်းမှုလုပ်တဲ့အပေါ် တာဝန်ယူရပါမယ်။ ဆာလက်က သူတို့ရဲ့ ပစ်မှတ်ဆိုတာ သေချာပါတယ်"လို့‌ ပြောကြားသွားပါတယ်။
ဆာလက်ဟာ ဧပြီလတုန်းက လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်မချုပ်ဆိုမီ ဆော်ဒီပရိုလိဂ်ရဲ့ အဓိကပစ်မှတ်အဖြစ် ပစ်မှတ်ထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆော်ဒီကလပ် Al-Ittihad ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလက်အား ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲရာ လီဗာပူးရဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်တွင် ရိုးမားမှ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီထားသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲကစားထားရာတွင် ၄ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
သူဟာ စနေနေ့ ဘရိုက်တန်နှင့် အန်ဖီးလ်ပွဲစဉ်အပြီးတွင် အာဖရိကဖလားပြိုင်ပွဲ ကစားရန်အတွက် အီဂျစ်အသင်းနှင့် ပူးပေါင်းလာပါမယ်။

image