ဆယ်ကျော်သက်တောင်ပံကစားသမားအယ်လီဆင်ကို ပေါင် ၁၀.၅ သန်းဖြင့် ခေါ်ယူရန် အက်စတွန်ဗီလာ သဘောတူညီမှု ရရှိ
====================
အက်စတွန်ဗီလာဟာ ဂရီမီယိုမှ အသက် ၁၉ နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမားအယ်လီဆင်ကို ပေါင် ၁၀.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
သူဟာ ဆေးစစ်ဆေးမှု ခံယူပြီးပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဗီလာသို့ ရောက်လာပါမယ်။ ဗီလာဟာ အယ်လီဆင်အတွက် ပေါင် ၈.၇ သန်းပေးရမှာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ နောက်ထပ် ပေါင် ၁.၈ သန်းထပ်မံပေးရပါမယ်။
ဒါ့အပြင် ဘရာဇီးစီးရီးအေတွင် အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဂရီမီယိုဟာ ဗီလာတို့အနေဖြင့် ကစားသမားအား ထပ်ဆင့် ရောင်းချချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်အား အကျိုးခံစားခွင့် ရရှိမယ့်အချက်ကိုလည်း ထည့်သွင်းလာပါမယ်။
ဘယ်သန်ညာတောင်ပံကစားသမားအယ်လီဆင်ဟာ ယခုနှစ်တွင် ဂရီမီယိုအတွက် ၄၃ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးထားသူ ဖြစ်ပါတယ်။
သူဟာ ဗီလာတိုက်စစ်တွင် နေရာရရှိရေးအတွက် အိုလစ်ဝတ်ကင်၊ မော်ဂန်ရိုဂျာ၊ အီဗန့်ဂပ်စ်ဆင်၊ ဂျာဒွန်ဆန်ချို၊ ဒွန်ယဲလ်မာလန်း၊ ဟာဗေးအီးလီးယော့တို့နှင့် ယှဉ်ပြိုင်ရပါမယ်။
ဗီလာဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၃ မှတ်ကွာဟကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အူနိုင်းအမ်မရီရဲ့ ဗီလာဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။