၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အစောပိုင်းကတည်းက ဘောလုံးအပါအဝင် အားကစားနည်းအချို့ကနေ နုတ်ထွက်ထားခဲ့ပြီးဖြစ်တာကြောင့် ပြိုင်ပွဲ(၁၂)မျိုးမှာ ကစားသမား(၁၁၀)ဦး ပါဝင်ယှဉ်ပြိုင်ဖို့သာ ကျန်ရှိနေပေမဲ့ ဒီနေ့မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ အားလုံးနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်အငြင်းပွားမှုကတစ်ဆင့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက ဆီးဂိမ်းစ်ပြိုင်ပွဲကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၂၀)အထိ ကျင်းပသွားမှာဖြစ်ပြီး မနေ့က ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားမှာ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း သိရပါတယ်။