မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်ရရှိသည့် ပထမဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက် ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
Landon Donovan MVP Award လို့လည်း အမည်တွင်တဲ့ မေဂျာလိဂ်ရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုကို မက်ဆီက ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ရာသီဆက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုပါ သွင်းဂိုး(၂၉)ဂိုးနဲ့ ရရှိခဲ့တာပါ။
ဂိုးဖန်တီးမှုလည်း (၁၉)ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ မက်ဆီအနေနဲ့ (၂၈)ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု (၄၈)ဂိုးရှိခဲ့ကြောင်း သိရပါတယ်။
မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ၁၉၉၆ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ နည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီဟာ ၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ဆန္ဒမဲ (၇၀)ရာခိုင်နှုန်းကျော်နဲ့ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''ပထမဆုံးအနေနဲ့ အခုလို အသိအမှတ်ပြုခံရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ဦးချင်းထူးချွန်ဆုတွေ လက်ခံရရှိတာက အမြဲတမ်းကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဒီဆုကို အသင်းဖော်တွေနဲ့အတူ မျှဝေခံစားချင်ပါတယ်။ မေဂျာလိဂ်ရွှေဖိနပ်ဆုကိုလည်း ကျွန်တော် ကံကောင်းစွာနဲ့ရရှိခဲ့ပြီး ဒီအတွက်လည်း အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ မေဂျာလိဂ်အကောင်းဆုံးဆုရရှိခြင်းနဲ့ သမိုင်းတစ်လျှောက် နှစ်ရာသီဆက်ရရှိတဲ့ ပထမဆုံးဖြစ်ခဲ့ခြင်းအတွက်လည်း ပျော်ရွှင်ပါတယ်။ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်'' လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။