ချုံချင့်-ရန်ကုန် လေကြောင်းလိုင်း စတင်ပျံသန်း
-----------------------

တရုတ်နိုင်ငံ၊ ချုံချင့်လေကြောင်းအုပ်စုရဲ့ ချုံချင့်-ရန်ကုန်၊ ရန်ကုန်-ချုံချင့် လေကြောင်း တိုက်ရိုက်ပျံသန်းမှုခရီး စဉ်ကို ဒီဇင်ဘာ(၈)ရက်ကစတင်ကာ ပျံသန်းပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
ချုံချင့်-ရန်ကုန်လေကြောင်းနဲ့ ယဉ်ကျေးမှုခရီးသွားလာရေးမြှင့်တင်မှုကွန်ဖရင့်ကို ဒီဇင်ဘာ(၉)ရက်က ရန်ကုန်မြို့ရှိ Lotte Hotal မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားပြုလုပ်ရတာကတော့ ချုံချင့်နဲ့ရန်ကုန်အကြား လေကြောင်းနဲ့ ခရီးသွားလာရေး ဈေးကွက်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
အခုလေကြောင်းခရီးစဉ်ဟာ ချုံချင့်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံနိုင်ဖို့နဲ့ ခရီးသွားတွေ ပိုမိုလာရောက်စေဖို့အတွက်ဖြစ်တယ်လို့ ချုံချင့်မြန်မာဂရု ဥက္ကဋ္ဌ မစ္စတာကျောက်ကျန့်ဟုန်က ပြောပါတယ်။
လေကြောင်းခရီးစဉ်ကို တစ်ပတ်မှာ နှစ်ကြိမ် တနင်္လာနေ့နဲ့သောကြာနေ့တွေမှာ ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါ တယ်။ မနက် ၉ နာရီအချိန်မှာ ချုံချင့်ကစတင်ထွက်ခွာကာ ရန်ကုန်ကို နေ့လယ် ၁၁ နာရီ မိနစ် ၂၀ မှာ ရောက်ရှိ မှာ ဖြစ်ပြီး ရန်ကုန်ကနေ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ စတင်ထွက်ခွာပြီး ချုံချင့်မြို့ကို နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ရောက်ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချုံချင့်-ရန်ကုန်လေကြောင်းခရီးစဉ်က မြန်မာနိုင်ငံအတွက် ပိုပြီး အကျိုးရှိစေမှာဖြစ်တယ်လို့ Blue Ocean Star ကုမ္မဏီ CEO ဦးကျော်မိုးက ပြောပါတယ်။ ချုံချင့်လေကြောင်းအုပ်စုအနေနဲ့ ခရီးသည်တင်လေယာဉ်ခရီးစဉ်အပြင် ကုန်တင်လေယာဉ်ကိုလည်း အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image