မြန်မာ့ပို့ကုန်များ ရုရှားတွင် ဈေးကွက်ပိုမိုရရှိရေးဆွေးနွေး
-----------------------------

မြန်မာ့ပို့ကုန်တွေ ရုရှားနိုင်ငံမှာ ‌ဈေးကွက်ပိုမိုရရှိနိုင်ဖို့အတွက် မြန်မာ - ရုရှား နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
အခုဒီဇင်ဘာလထဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကိုခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူး ဆောင်ကောင်စစ်ဝန်၊ ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်းရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (Fund RC-Investment)ရဲ့ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာ ဆာဂေးရှတီရော့ဗ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁ မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေဖို့အတွက် မြန်မာနိုင်ငံက လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်ပစ္စည်းတွေ အပါအဝင် အဓိကပို့ကုန်တွေကို ရုရှားနိုင်ငံမှာ ဈေးကွက် ပိုမိုရရှိနိုင်ရေးကိစ္စတွေကို ဆွေး နွေးခဲ့ကြပါတယ်။ အဲဒီအပြင် ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာတွေ မြန်မာနိုင်ငံကို တင်ပို့နိုင်ဖို့၊ နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲတွေကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုရှိစေရဖို့နဲ့ ကုန်ပစ္စည်းတွေ ပါဝင်ပြသနိုင်ဖို့အတွက် အပြန်အလှန် ဖိတ်ကြားသွားဖို့၊ နှစ်နိုင်ငံကုန်သွယ်မှု စင်တာတွေ အပြန်အလှန် ဖွင့်လှစ်ဖို့ကိစ္စတွေအပြင် နေပြည်တော်ကောင်စီနယ်မြေမှာ တည်ဆောက်မဲ့ သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ တင်သွင်းနိုင်ဖို့နဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

image