အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား နေပြည်တော်တွင် ကျင်းပ
အဂတိလိုက်စားမှုများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်နွှယ်ဖြစ်ပွားနေကြောင်းနှင့် အဂတိလိုက်စားမှုတွင် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းနှင့် မလျော်သြဇာသုံးခြင်းလည်း ပါဝင်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ပြောကြား
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ပေးပို့သည့် Video Message ကို ဦးစွာပြသသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူအခြေပြုနည်းလမ်းများဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး တည်ဆောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်နေသော်လည်း အခြားအခြားသော အနှောင့်အယှက်၊ အဖျက်အမှောင့်၊ အခက်အခဲများနှင့် အတူ အဂတိလိုက်စားမှုသည်လည်း အဓိကအဟန့်အတားတစ်ခုဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ပြောကြားသည်။
အဂတိလိုက်စားမှုများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်နွှယ်ဖြစ်ပွားလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုဆိုရာတွင် နိုင်ငံတော်ဘဏ္ဍာ၊ ငွေကြေး နှင့်ပစ္စည်းများကို အလွဲသုံးစားပြုမှုသာမဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်းလည်း ပါဝင်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်က ပြောကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသူများအနေဖြင့် အဂတိကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်မျှော်မှန်းချက်များချမှတ်ပြီး မဟာဗျူဟာစီမံချက်တွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ရေးဆွဲဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ခိုင်ခိုင်မာမာချမှတ်ထားရန်နှင့် အများပြည်သူတို့၏ မျှော်လင့်ချက်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်မှန်းချက်များကို နီးကပ်နိုင်သမျှ နီးကပ်မှုရှိစေရေး ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်က ပြောကြားသည်။
အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဆိုင်ရာ အားနည်းချို့ယွင်းမှု၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်သည်ဆိုသည်ကို ငယ်စဉ်ကတည်းက သိမြင်နားလည်ပြီး အဂတိလိုက်စားမှုပြုလုပ်ခြင်းသည် ရှက်ရွံ့စရာတစ်ခုဖြစ်ကြောင်း၊ အသိတရားပြည့်ဝလာရန်အတွက် သွန်သင်ဆုံးမမှု၊ အသိပညာပေးမှုများ လိုအပ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကစပြီး လူငယ်လူရွယ်များကို အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းမှုအဖြစ် သိမြင်နားလည်ပြီး ထိန်းသိမ်းရှောင်ကြဉ်နေထိုင်ကြစေရန် အသိပညာပေးမှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်က ပြောကြားသည်။