ပြည်ပပို့ ငရုတ်သီးများ ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမည်

ပြည်ပသို့ ငရုတ်သီးတင်ပို့သည့်ကုမ္ပဏီများအနေဖြင့် ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနသီးနှံကာကွယ်ရေးဌာနခွဲက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့တင်ပို့သည့် ငရုတ်သီးများတွင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊မှိုအဆိပ် ဓာတ်ကြွင်းများ တွေ့ရှိရပြီးနောက်ပိုင်းယင်းကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။
မှိုအဆိပ်ဓာတ်ကြွင်းများထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး (အစို)များတွင် Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosateပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်အား စိစစ်ရာတွင် မြ၀တီနယ်စပ် ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ် ပိုးမွှားထိန်းချုပ်ရေးစခန်းမှကုမ္ပဏီတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)မှISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရမည်ဖြစ်သည်။
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော ငရုတ်သီးကို ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့ပြီး တရုတ်၊ လာအို၊ မလေးရှား စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသော ရာသီဥတုပြောင်းလဲမှုများကြောင့်ဖျက်ပိုးပေါက်ဖွားမှုနှုန်း မြင့်မားလာ သည့်အတွက် ပိုးသတ်ဆေးများကိုပမာဏမြှင့်ပြီး သုံးစွဲလာရကာ ထိုအခါ နည်းစနစ်မမှန်ကန်ခြင်း၊ ပိုးနှင့်ရောဂါမှား၍ ဆေးဖျန်းခြင်း၊ ပိုမိုထိရောက်စေရန် ဆေးပမာဏကို တိုးမြှင့်သုံးခြင်း၊ပိုးသတ်ဆေး တစ်မျိုးတည်းကို ထပ်ကာထပ်ကာအသုံးပြုသဖြင့် ဆေးယဉ်ပါးမှုကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရ မည့်အချိန်ကာလကို မစောင့်ဆိုင်းဘဲ ခူးဆွတ်ပြီးဈေးကွက်အလျင်မီရန် တင်ပို့ရသဖြင့် နေ့စဉ်စားသုံးသော အသီးအနှံများတွင်ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာခြင်းဖြစ်ကြောင်း သိရသည်။

image