ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ထိုင်းနိုင်ငံမှ ကူညီမည်
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ၊ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့် နည်းပညာအကူအညီပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှု တိုက်ဖျက်ရေးလုပ်ငန်းဖွဲ့ ညိနှိုင်းအစည်းဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ၊ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်သန်းသန်းဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ ကူညီပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး စီစဉ်ထားရှိရမည့်အခြေအနေများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှုတိုက်ဖျက်ရေး အကောင်ထည်ဖော်မှုဆိုင်ရာ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့ (APJG) မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်း အကြံပြုချက်များကို ထိရောက်မှန်ကန်စွာ ပြန်လည်ရှင်းလင်း ဖြေကြားနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များနှင့် ထပ်မံဖြည့်စွက်ဖြေကြားရမည့် အချက်အလက်များကိုလည်း ကြိုတင်ပြင်ဆင်ထားရန် ဒေါ် သန်းသန်းဆွေက ပြောကြားခဲ့သည်။
အဆိုပါ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် မေးမြန်းထားသည့် မေးခွန်းများနှင့် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။