ပေ ၃၀၀ ခန့် ချောက်အနက်ထဲ ပြုတ်ကျသူကို ခြောက်ရက်​မြောက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှာ ချောက်အနက် ပေ ၃၀၀ ခန့် နေရာအတွင်း ပြုတ်ကျနေသူ အမျိုးသား တယောက်ကို ​ခြောက်ရက်အကြာ မနေ့ ဒီဇင်ဘာ ၈ ရက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ကျောက်မဲမြို့၊ မန္တလေး - လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး၊ နောင်ပြစ်ကျေးရွာ၊ ပင်ပေါအုပ်စု၊ နမ့်ဆောင်ဟောင်ချောင်း ချောက်ကမ်းပါးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“သူက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ရှဉ့်လိုက်ဖမ်းရင်း ချောက်ထဲ ပြုတ်ကျသွားတာ။ ရွာသားတွေက လိုက်ရှာကြရင်း ဒီဇင်ဘာ ၇ ရက်နေ့မှာ ချောက်ကမ်းပါးနား ရောက်လို့ ခေါ်ကြည့်တော့မှ အောက်က ပြန်ထူးသံကြားရတာပေါ့။ အဲဒီအခါကျမှ အောက်မှာ လူရှိတယ်ဆိုတဲ့အကြောင်း အတည်ပြုပြီးမှ ကျွန်တော်တို့ဆီ အကြောင်းကြားကြတာ။ အမှန်တော့ အဲဒီချောက်က ပေ ၁၀၀၀ လောက်နက်တာ။ သူတော်တော် ကံကောင်းလို့သာ ပေ ၃၀၀ အနက်လောက်က လှေခါးထစ်လို နေရာလေးမှာ တင်နေတာ” လို့ ဦးကိုကိုဦးက ပြောပါတယ်။
ကျောက်မဲခရိုင်/မြို့နယ် မီးသတ်စခန်းအနေနဲ့ လူတယောက် ချောက်ထဲ ပြုတ်ကျနေတဲ့အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့၊ ညနေ ၅ နာရီ ၂၀ ဝန်းကျင်လောက်မှာ သတင်းရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မီးသတ်တပ်ဖွဲ့အနေနဲ့ လူနာတင်ယာဉ်တစီး၊ အုပ်ချုပ်မှုယာဉ် တစီးနဲ့ အခင်းဖြစ်နေရာကို သွားရောက်ခဲ့တာမှာ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ရောက်ရှိခဲ့ပြီး နောင်ချိုမြို့နယ် မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“အဲဒီ ၇ ရက်နေ့မှာ ရွာသားတွေက အောက်ကို ရေဘူးတွေဘာတွေ ပစ်ချပေးထားတယ်။ အဲဒီနေ့ ညမှာပဲ ကျွန်တော်တို့ အလုပ် စလုပ်တယ်။ ကျွန်တော်တို့ ခရိုင်က တပ်ကြပ်ကြီး သန်းလှိုင်ကို တောင်အောက်ကို ဆင်းခိုင်းပြီး လူနာအခြေအနေ အရင်ကြည့်တယ်။ လူနာအတွက် ရေတွေ၊ မုန့်တွေနဲ့ အနွေးထည်တွေပါ တခါတည်း ယူသွားခိုင်းတယ်။ ဒါပေမယ့် ညတွင်းချင်း ကယ်ဖို့က အခြေအနေက အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။
အဲဒီ အခင်းဖြစ်နေရာဟာ ကမ်းပါးယံတွေလည်း ရှိသလို လှိုဏ်ခေါင်းတွေလည်း လေးနေရာလောက် ရှိနေပြီး ခြုံနွယ်၊ သစ်ကိုင်းတွေလည်း ထူထပ်နေတာကြောင့် မြေပြင် အခြေအနေအရ ကယ်ဆယ်ရေး လုပ်ဆောင်သူရော၊ လူနာပါ အန္တရာယ်ရှိနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လူနာကို နှစ်သိမ့် အားပေးမှုတွေ လုပ်ဆောင်ခဲ့ပြီး တညစောင့်ကာ နောက်တနေ့ ဒီဇင်ဘာ ၈ ရက်၊ နေ့လယ် ၁၂ နာရီ ၅ မိနစ်ဝန်းကျင်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
“တကယ်တမ်း ကယ်ဆယ်ရေး လုပ်တော့ ကျွန်တော်တို့ဆီမှာ တောင်တွေဘာတွေနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးလုပ်တဲ့ ပစ္စည်းတွေက မရှိဘူး။ ပစ္စည်းတွေက ၁၀၂၇ တုန်းက ပျောက်သွားတယ်။ ဒါကြောင့် ဝါးပိုးဝါးတွေ ခုတ်တယ်။ သီပေါမှာရှိတဲ့ double ပူလီတွေ၊ ကြိုးတွေ သွားယူတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ကြိုးအဟောင်းတွေနဲ့ နောင်ချိုမှာရှိတဲ့ လက်ကျန်ပစ္စည်းနဲ့ အသက်ကယ်ကွင်းတွေနဲ့ ပူးပေါင်းပြီး တောင်စောင်းတွေမှာ ကယ်တဲ့ပစ္စည်းတွေနဲ့ ပုံသဏ္ဍာန်တူပေါ့၊ ဝါးပိုးဝါးတွေနဲ့ ထောင်ပြီး လုပ်ကြရတယ်” လို့ သူက ပြောပါတယ်။
အဲဒီနောက် double ပူလီတွေ အသုံးပြုပြီး ဝန်အား လျှော့ချတဲ့ နည်းစနစ်နဲ့ ကြိုးလိုင်း နှစ်လိုင်းကို ဆင်ကြရာမှာ တလိုင်းက ကယ်တင်တဲ့သူအတွက်၊ တလိုင်းက လူနာအတွက်ဖြစ်ပြီး တပ်ကြပ်ကြီးသန်းလှိုင်ကပဲ ချောက်အတွင်းကို တဦးတည်း ထပ်မံဆင်းကာ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နေ့လယ် ၁ နာရီလောက်မှာ လူနာဆီကို ရောက်သွားတယ်။ လူနာကို နှစ်သိမ့်အားပေးပြီး လူနာက တက်နိုင်တဲ့အား ရှိပြီဆိုတာနဲ့ ဆွဲတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်တယ်။ ၁ နာရီ၊ မိနစ် ၅၀ လောက်မှာ လူနာကို တောင်ပေါ်ကို စပြီး ဆွဲတင်တယ်။ ဆွဲတင်တဲ့အခါမှာ ကယ်တဲ့သူက လူနာကို ရင်ခွင်မှာပိုက်ပြီး ကယ်လာတာ။ နေ့လယ် ၂ နာရီ ၁၀ မိနစ်လောက်မှာ တော်ပေါ်ကိုရောက်တယ်” လို့ သူက ပြောပါတယ်။
လူနာအနေနဲ့ မေးစေ့နဲ့ မျက်နှာမှာ ပွန်းပဲ့ ဒဏ်ရာလောက်သာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပြီး အဲဒီနောက် လူနာကို ကျောက်မဲမြို့နယ် မီးသတ်စခန်းမှ သူနာတင်ယာဉ်နဲ့ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီ ကယ်ဆယ်ရေး လုပ်ဆောင်မှုကို ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုဦး အပါအဝင် ဦးစီးအရာရှိ နှစ်ယောက်၊ ဒုတိယဦးစီးမှူး နှစ်ယောက်နဲ့ ခရိုင်တပ်ကြပ်ကြီးတွေအပြင် အဖွဲ့ဝင်အင်အား ၁၇ ယောက်က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဒေသခံ ၁၅၀ ကျော်ကလည်း ဝိုင်းဝန်း ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

image