ရုရှားနဲ့ တရုတ်စစ်လေယာဉ်တွေ တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်ထဲ ဝင်ရောက်

ရုရှားလေယာဉ်ခုနစ်စင်းနဲ့ တရုတ်စစ်ဘက်လေယာဉ်နှစ်စင်းဟာ တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်ထဲကို ဝင်ရောက်ပြီးနောက် တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
ရုရှားနဲ့ တရုတ်လေယာဉ်တွေဟာ ဒီဇင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့် ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန် (KADIZ)ထဲကို ဝင်ရောက်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါပေမယ့်လည်း လေယာဉ်တစ်စင်းမျှ တောင်ကိုရီးယားလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းမရှိကြောင်း ရုရှားနဲ့ တရုတ်တို့က ဆိုပါတယ်။ တောင်ကိုရီးယားကတော့ အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်မှုအနေနဲ့ နည်းဗျူဟာမြောက်အစီအမံတွေချမှတ်ဖို့ တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။
ယွန်ဟတ်သတင်းဌာနရဲ့ အဆိုအရ လေယာဉ်တွေဟာ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တနာရီကြာ ဝင်ထွက်သွားလာပျံသန်းခဲ့တယ်လို့‌ ဆိုပါတယ်။ လေကြောင်း ကာကွယ်ရေးဇုန်ဟာ လေပိုင်နက်သတ်မှတ်ထားတဲ့ ဧရိယာကို မရောက်မီ လုံခြုံရေးအကြောင်းပြချက်အရ နိုင်ငံတွေရဲ့ လေယာဉ်တွေကို စောင့်ကြည့်တဲ့ ဧရိယာအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ပိုင်းမှာတော့ နှစ်စဉ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေ အရ ရုရှားစစ်တပ်နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းမှုတွေကို အင်္ဂါနေ့မှာ အရှေ့တရုတ်ပင်လယ်နဲ့ အနောက်ပစိဖိတ်သမုဒ္ဒရာ‌ဒေသတို့မှာ ပြုလုပ်ခဲ့ပြီး ဒါဟာ ၁၀ ကြိမ်မြောက် ပူးတွဲမဟာဗျူဟာမြောက်လေကြောင်းကင်းလှည့် လေ့ကျင့်မှုလို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်မှစပြီး တရုတ်နဲ့ ရုရှားတို့ဟာ ပူးတွဲလေ့ကျင့်မှုတွေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်ထဲကို စစ်လေယာဉ်တွေ ပျံသန်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း တရုတ်စစ်လေယာဉ် ငါးစင်းနဲ့ ရုရှားစစ်လေယာဉ် ခြောက်စင်းတို့ ဝင်ရောက်မှုကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရပါတယ်။

image