လူစားလဲခံရချိန် ယမားလ် စိတ်ပျက်ခဲ့ခြင်းကို မိမိနားလည်လက်ခံတယ်လို့ ဟန်ဆီဖလစ်ခ် ပြောကြား
ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က လူစားလဲခံရချိန် ယမားလ် စိတ်ပျက်ခဲ့ခြင်းကို မိမိနားလည်လက်ခံကြောင်းနဲ့ ဒီအတွက် ဘာပြဿနာမှမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ယမားလ်က (၈၉)မိနစ်မှာမှ လူစားလဲခံခဲ့ရတာဖြစ်ပေမဲ့ စိတ်ပျက်တဲ့အမူအရာ ပြခဲ့တာကြောင့် သတင်းသမားတွေရဲ့ မေးမြန်းမှုကို ဟန်ဆီဖလစ်ခ်က ရှင်းလင်းဖြေကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။
''ပွဲချိန်မိနစ်အနည်းငယ်သာ ကျန်ရှိချိန်မှာ ယမားလ်ကို ကျွန်တော်တို့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အဝါကတ်ပြခံထားရပြီး အချိန်ကလည်း နောက်ကျနေပြီဖြစ်တာကြောင့်ပါ။ ဒီအတွက် သူ နည်းနည်းလောက် မခံမရပ်နိုင်ဖြစ်တယ်ဆိုရင် ဒါကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ သဘောလည်း ကျပါတယ်။ ကျွန်တော်လည်း ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ဒီအတွက် အပြည့်အဝလက်ခံပြီး ဘာပြဿနာမှ မရှိပါဘူး'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
ယမားလ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝါကတ်သုံးကြိမ်ပြသခံခဲ့ရပြီဖြစ်တာကြောင့် ဆလားဗီးယားပရပ်ဂ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို ပွဲပယ်ခံရတော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ အဆင့်(၁၄)နေရာ ရောက်ရှိနေပေမဲ့ လက်ကျန်နှစ်ပွဲမှာ ဆလားဗီးယားပရပ်ဂ်၊ ကိုပင်ဟေဂင်တို့နဲ့သာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။