လီဗာပူးနှင့် လူသိရှင်ကြားပြဿနာတက်ပြီး ရက်အနည်းငယ်အကြာတွင် ဘီဘီစီရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုအတွက် ဆန်ကာတင်စာရင်းတွင် ဆာလက် ပါဝင်လာ
=====================
မိုဟာမက်ဆာလက်ဟာ လီဗာပူးနှင့် လူသိရှင်ကြား ပြဿနာတက်ပြီး ရက်အနည်းငယ်အကြာတွင်ပင် ဘီဘီစီရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာပါတယ်။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲတွင် လီဗာပူးကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပြီးနောက် ကလပ်နှင့် နည်းပြအန်းဆလော့တို့အား အပြင်းထန်ဝေဖန်ခဲ့ပါတယ်။
ဆာလက်ဟာ ယင်းအဖြစ်အပျက်ကြောင့် ယနေ့ည အင်တာမီလန်နှင့် ကစားမယ့် လီဗာပူးရဲ့ လူစာရင်းမှလည်း ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် တနင်္လာနေ့ Sky Sports ရဲ့ အစီအစဉ်တွင် လီဗာပူးကစားသမားဟောင်းဂျေမီကာရေဂါက ဆာလက်မှာ ကလပ်နှင့် အန်းဆလော့တို့ အကြီးအကျယ် ပြဿနာတက်အောင်အတွက် ချိန်သားကိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
မိုဟာမက်ဆာလက်ဟာ အန်ဖီးလ်တွင် ဆိုးရွားတဲ့အခြေအနေဖြင့် ကြုံနေရပေမယ့်လည်း ယခုလတွင် ချီးမြှင့်လာမယ့် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာပါတယ်။
မိုဟာမက်ဆာလက်ဟာ လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ချီးမြှင့်မယ့် The BBC Sports Personality of the Year ဆုအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာတာပါ။
ယင်းဆုက ဗြိတိန်အားကစားလောကမှ အကောင်းဆုံးအားကစားသမားကို ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။
ဆာလက်နှင့်အတူ The BBC Sports Personality of the Year ဆုအတွက် ဆန်ကာတင်အားကစားသမား ၆ ဦးစာရင်းတွင် လက်ဝှေ့သမားတီရင့်ခရောဖို့ဒ်၊ ဘော့စ်ဘောစတားရှိုဟိုင်းအွန်တာနီတို့လည်း ပါဝင်နေပါတယ်။
ဆာလက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် ၃၈ ပွဲတွင် ဂိုးနှင့် ဖန်တီးမှု ၄၇ ကြိမ်အထိ ပြုလုပ်ကာ အန်းဆလော့လက်ထက် ပထမဆုံးပရီးမီးယားလိဂ်ဖလား ရရှိအောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ယခုရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၁၈ ပွဲကစားထားရာမှာ ၅ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။