ယူနိုက်တက်ပိုင်ရှင်များရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ဆက်စ်ကိုရဲ့ အေးဂျင့်ဖွင့်ဟလာ
=====================

ဘင်ဂျာမင်ဆက်စ်ကိုရဲ့အေးဂျင့်က ယူနိုက်တက်မှာ ၂၀၂၇-၂၈ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ရန် ပစ်မှတ်ထားနေကြောင်း ဖွင့်ဟလာပါတယ်။
ဒါ့အပြင် အေးဂျင့်က ဆလိုဗေးနီးယားတိုက်စစ်မှူးမှာ နိုဝင်ဘာအစောပိုင်းတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာမှ ပြန်လည်ကစားလာနိုင်မယ့်ကာလကိုလည်း ခန့်မှန်းပြောဆိုသွားပါတယ်။
ဆက်စ်ကိုဟာ နွေရာသီတုန်းက လိုက်ဇစ်မှ ပေါင် ၇၃.၆၂ သန်းဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပြီး စပါးစ်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် ဒဏ်ရာရရှိပြီးနောက် တစ်လကြာ အနားယူလာခဲ့ရသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့တုန်းက ဝုဗ်ကို အဝေးကွင်းတွင် ၄-၁ ဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားအဆင့် ၆ နေရာသို့ တက်လှမ်းလာပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီ နံပါတ်တစ်ပစ်မှတ်အဖြစ် ထိပ်ဆုံး ၆ သင်းစာရင်းဝင်ရေးသာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် ၅ နေရာမှာ ချဲလ်ဆီးနှင့် တစ်မှတ်တည်းသာ ကွာဟနေမှုနှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပစ်မှတ်ထားနိုင်တဲ့အနေအထားမှာ ရှိပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်က ကလပ် သက်တမ်း နှစ် ၁၅၀ ပြည့်မယ့် ၂၀၂၈ ခုနှစ်တွင် အမှတ်ပေးဖလား ဆွတ်ခူးရန် ပစ်မှတ်ထားနေတာပါ။
ဆက်စ်ကိုရဲ့ အေးဂျင့်အယ်ဗစ်ဘာဆာနိုဗစ်က အမိုရမ်မှာ ယူနိုက်တက်အား ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်ရေး လုပ်ဆောင်နိုင်မယ်လို့ ဆိုသွားပါတယ်။
ဘာဆာနိုဗစ်က "သူက အရာရာတိုင်းနဲ့ပတ်သက်ပြီး ရိုးသားတော့ အဓိကလူဖြစ်လာမှာပါ(အမိုရမ်)။ ရည်မှန်းချက်ကောင်းကောင်းနဲ့ လုပ်နေတယ်။ ပရော်ဖက်ရှင်နယ်လည်း ပီသတယ်။ အရမ်းတော်တဲ့လူ၊ အရမ်းတော်တဲ့နည်းပြပါ။ သူ့ကိုယ်ပိုင်အမြင်အပေါ် ယုံကြည်ပါတယ်။ ယူနိုက်တက်ကို ထိပ်တန်းအဆင့်သို့ ဘယ်လို ပို့ရမလဲ သူ သိပါတယ်။ ဒါပေမယ့် အချိန်လိုပါတယ်။ ဒါပေမယ့် ကလပ်ကြီးတစ်ခုမှာက ရှင်းပြရခက်တယ်။ ဘယ်သူမှ ယူနိုက်တက်မှာ အချိန်မပေးချင်ဘူး။ အားလုံးက ရလဒ်ပဲ ချက်ချင်းလိုချင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ရူဘင်ကို အချိန်ပေးသင့်တယ်လို့ ထင်တယ်။ တိုးတက်မှုလည်း မြင်နေရပြီလေ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဘာဆာနိုဗစ်က ဆက်စ်ကိုမှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေပြီ ဖြစ်ပြီး မကြာမီပြန်လည် ကစားလာနိုင်တော့မှာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "ဘင်ဂျာမင် အားလုံးကောင်းတယ်။ ပြန်လည်ထူထောင်ရေးကိုလည်း အစီအစဉ်အတိုင်းပဲ လုပ်နေတယ်။ သူကလည်း အမြန်ဆုံး ပြန်ကစားချင်နေတယ်။ သူ ပွဲတွေအများကြီး လွဲထားတယ်။ စိတ်မရှည်နိုင်အောင် ဖြစ်နေတယ်။ အမြန်ဆုံး ပြန်ကစားလာဖိ့ မျှော်လင့်နေပါတယ်။ ဘယ်အချိန်ပြန်ကစားမလဲ ပြောဖို့တော့ ပြောရခက်တယ်။ ဆေးအဖွဲ့နဲ့ နည်းပြကပဲ ဆုံးဖြတ်လာမှာပါ"လို့ ပြောကြားသွားပါတယ်။

image