မန္တလေးမှာ တစ်ပတ်အတွင်း မီး ၃ ကြိမ်လောင်ပြီး ၄ ဒသမ ၂ အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့
မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်သတ္တပတ်က၊ မီးလောင်မှု(၃)ကြိမ်ဖြစ်ပွားပြီး၊ အင်အားအသင့်အတင့်ရှိငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ၊ တစ်ပတ်တာကာလအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သလိုငလျင်လှုပ်ခတ်မှုကြောင့်လည်း နောက်ဆက်တွဲထိခိုက်မှုအချို့ရှိခဲဲ့ကြောင်း သတင်းများကဆိုသည်။
“စုစုပေါင်းမီးသုံးကြိမ်လောင်ခဲ့တယ်၊ ဒါ တစ်ပတ်အတွင်းမှာပေါ့နော်၊ တစ်ရက်ခြားလောင်တာ၊ လက်ဖက်ရည်ဆိုင်လောင်တဲ့မီး၊ တစ်ဆိုင်လုံးကုန်တာပဲ၊ နောက်တစ်ခုက ဆိုင်ကယ်အပိုပစ္စည်းဂိုထောင်ထဲမီးလှိုက်လောင်တာ၊ သူလည်းကုန်တာပဲ၊ ငလျင်လှုပ်တဲ့နေ့က ငလျင်ထိထားတဲ့တိုက်ခန်းတွဲတစ်ခု အက်ကြောင်းအကြီးကြီးပေါ် လို့ ဘေးလွတ်ရာနေကြဖို့သတိပေးထားရတယ်” ဟု မြို့ခံ လူမှုရေးအသင်းတစ်ခုမှသတင်းအရင်းအမြစ်ကပြောသည်။
မန္တလေးမြို့တွင်၊ ဒီဇင်ဘာလ ၄ ရက်နေ့က၊ မဟာအောင်မြေမြို့နယ် ၅၈ လမ်းနှင့်သိပ္ပံလမ်းထောင့်အနီးရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်၊ ဒီဇင်ဘာလ ၆ ရက်နေ့က၊ ချမ်းမြသာစည်မြို့နယ် သိုးခြံရပ်ကွက်နှင့်၊ ထွန်တုံးရပ်ကွက် ၁၁၁ လမ်း၊ ၄၆ လမ်းနှင့် ၄၇ လမ်းကြားရှိ ဆိုင်ကယ်အပိုပစ္စည်းဂိုထောင်တို့တွင်၊ မီးလောင်မှုတစ်ကြိမ်စီဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့မှသိရသည်။
ငလျင်သတင်းအနေနှင့်တော့၊ နိုဝင်ဘာလ ၂ ရက်နေ့ညနေ ၅ နာရီခွဲခန့်တွင် စဥ့်ကိုင်မြို့၏အရှေ့၊ အရှေ့ မြောက်ဘက်(၁၄)မိုင်ခန့်အကွာကိုဗဟိုပြုသည့် အင်အား ၄ ဒသမ ၂ အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသတင်းထုတ်ပြန်ချက်အရသိရသည်။