ကားခေတ္တရပ်နားထားချိန် မှန်ခွဲခိုးယူမှု မြောက်ဒဂုံမှ ရေကူးကန်တစ်ခုအနီး၌ဖြစ်ပွား
ကားကိုခေတ္တရပ်နားထားချိန်အတွင်း မှန်ခွဲ၍ခိုးယူသွားသောဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက်ရှိ Family Swimming Pool ရှေ့၌ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံသူတစ်ဦးက လူမှုကွန်ရက်၌အသိပေးဖော်ပြချက်အရ သိရသည်။
အဆိုပါဖြစ်ရပ်မှာ Suzuki swift အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ကိုဝင်းလှိုင် ဟုအမည်ရသော ကုမ္ပဏီဝန်ထမ်းမှာ ဒီဇင်ဘာ ၀၈ ရက်၊ ည ၆နာရီခွဲအချိန်ခန့်က Family Swimming Pool ရှေ့တွင် ကားကိုခေတ္တရပ်နားခဲ့ပြီး ရေကူးကန်ဝင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် နာရီဝက်ခန့်အကြာ ည ၇ နာရီဝန်းကျင်တွင် ပြန်ထွက်လာချိန်တွင် ယာဉ်မောင်းဘက်အခြမ်းရှိ ကားမှန်ကိုခွဲ၍ ကားခေါင်းခန်း အတွင်းမှအိတ်ကိုခိုးယူသွားသောအဖြစ်မျိုးကြုံရခြင်းလည်းဖြစ်သည်။
ထိုခိုးယူခံရသောအိတ်အတွင်း ငွေသား ၅၀၀ ကျပ်သာပါဝင်သော်လည်း မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်များ၊ ဘဏ်စာအုပ်နှင့် အရေးကြီးစာရွက်စာတမ်းများပါရှိသွားသည့်အတွက် အိတ်နှင့်ကတ်များကိုတွေ့ရှိကောက်ရထားသူများအနေဖြင့် ဆက်သွယ်နိုင်ရန် အသိပေးထားခြင်းလည်းဖြစ်သည်။
ခိုးသူမှာကားအတွင်းထားရှိသည့် အိတ်ကိုမြင်၍ ကားမှန်ခွဲကာခိုးယူခြင်းလည်းဖြစ်ပြီး အိတ်အတွင်းငွေကြေးမပါသော်လည်း အရေးကြီးစာရွက်စာတမ်းများ၊ ကတ်များနှင့် ကားမှန်ကွဲကာဆုံးရှုံးသွားခြင်းများကြုံရကြောင်း ဆိုထားသည်။
ရန်ကုန်မြို့တွင် အလားတူဖြစ်ရပ်များ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်၍ ဖြစ်ပွားမှုများလာပြီး ကားမှန်ခွဲကာ ကားအတွင်းမှ ဝှီးတက်များခိုးယူခံရသည့်ဖြစ်ရပ်မျိုးလည်း အခြားသောမြို့နယ်များအတွင်း ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။