ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။
ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့ လမ်းညွှန်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ရန်ကုန်တိုင်းဆိုရင် ဆီလုံလောက်မှုက ၁ ဒသန ၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ လူ ၁၀၀ မှာ ၂ ယောက်စာပဲထွက်တဲ့အနေအထားဖြစ်ပါတယ်။ အရင်က ဧက ၅၀၀၀ စိုက်ပျိုးတဲ့နေရာမှာ တိုးချဲ့ပြီး ဧက ၁၀၀၀၀ ကိုစိုက်ပျိုးနေရတဲ့အနေအထားဖြစ်ပါတယ်။ ဆီအသင်းအနေနဲ့ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနဲ့စားသုံးဆီထုတ်လုပ်ရေးလုပ်ငန်းများကိုပါတတ်ကြွစွာပါဝင်ဆောင်ရွက်ရေးဆိုတဲ့အချက်အတိုင်းနိုင်ငံခြားကတင်သွင်းလာတဲ့ ဆီတွေ ဖြန့်ဖြူးနေချိန်မှာ ဆီထွက်သီးနှံစိုက်ပျိုးရေးကိုပါ လှုပ်ရှားဆောက်ရွက်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်" ဟု စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။
ရန်ကုန်တွင် လူဦးရေ ၈ သန်းနီးပါးရှိပြီး ပိဿာချိန်အားဖြင့် နေ့စဉ် ၉ သန်းကျော်ဖြန့်ဖြူးပေးနေပြီး လူတစ်ဦးလျှင် တစ်ပိဿာဝန်းကျင် ဖြန့်ဖြူပေးနေကြောင်း သိရသည်။
စားအုန်းဆီရောင်းချမှုအနေဖြင့် ဈေးများတွင် ဆီစာအုပ်ဖြင့် ရောင်းချပေးနေပြီး Door to door စနစ်၊ ပင်စင်ထုတ်ချိန်တွင် ပင်စင်ထုတ်ယူသူများကို တစ်ဦးလျှင် ၂ ပိဿာခွဲ ရောင်းချပေးနေကြောင်း သိရသည်။
ထို့ပြင် အပလီကေးရှင်းဖြင့် ဝယ်ယူနိုင်ရေးကိုပါ အဆင့်မြှင့်တင်လှုပ်ဆောင်နေကြောင်းလည်း ၎င်း၏ပြောပြချက်အရ သိရသည်။

image