စိုက်ပျိုးမြေဧက ၅၀၀ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်မည့် ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည်
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာအနီးရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေဖူလုံစွာရရှိစေရေးအတွက် ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းလုပ်ငန်းအသစ် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတည်ဆောက်မည်နေရာကို ဒီဇင်ဘာ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာရေတင်စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် အဆင့်အလိုက် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေပေးဝေနိုင်သည့်ဧကများ တစ်ဆင့်ချင်းတိုးတက်ရရှိနိုင်ရေး ညှိနှိုင်းစီမံဆောင်ရွက်ပေးသွားမည်လည်း ဖြစ်သည်။
တောင်သူအစုအဖွဲ့များ ဖွဲ့စည်း၍ မျိုးစေ့ထုတ်အဖွဲ့များ၊ ရေကို စနစ်တကျအလေအလွင့်မရှိ သုံးစွဲတတ်စေရန်အတွက် ရေအသုံးချသူများအဖွဲ့ (WUG) များကို ဖွဲ့စည်းပေးမည်ဖြစ်ကြောင်းလည်း ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ပဌနဂိုရ်ဆိုလာစနစ်ရေတင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသရှိ စိုက်ပျိုးမြေဧက ၅၀၀ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ရာ တစ်နှစ်လျှင် တစ်သီးစိုက်ပျိုးရာမှ တစ်နှစ်လျှင် သုံးသီး၊ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။