ထိုင်းက မြန်မာအပေါ် သဘောထားပြောင်း

ထိုင်းက မြန်မာအကြောင်းကို အနီးစပ်ဆုံးသိနေလို့ မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံခြင်းဖြစ်နိုင်ပြီး ထိုင်းကမြန်မာအပေါ်သဘောထားပြောင်းလာခြင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက VOM ကို ပြောပါတယ်။
အခုရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာ လေ့လာသုံးသပ်သူတွေက ခုလို ထုတ်ဖော်ပြောကြားလာခဲ့တာပါ။
"ယိုးဒယားအနေနဲ့က မြန်မာနဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။မြန်မာနိုင်ငံရေးဖြစ်စဉ်တွေဟာ ယိုးဒယားအ‌ပေါ်မှာ သက်ရောက်မှုရှိတယ်ပေါ့။ဥပမာအနေနဲ့ ပြောရရင်မြန်မာ့နိုင်ငံရေး မတည်မငြိမ်မှုဖြစ်တဲ့အခါ ထိုင်းဘက်ကို မြန်မာကနေ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေရှိတယ်။မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲကို ယိုးဒယားက ထောက်ခံမှာပါပဲ။ မြန်မာမှာပါတီနိုင်ငံရေးကိုပြန်လက်ခံမှသာ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးသက်သာမယ်။ မြန်မာအ‌ကြောင်းအနီးစပ်ဆုံးသိနေတဲ့အတွက် ထိုင်းက မြန်မာရွေးကောက်ပွဲကိုထောက်ခံတာပါ" လို့ ပြည်တွင်းရှိ ပါတီနိုင်ငံရေးသမားတယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် ယိုးဒယား(ထိုင်းနိုင်ငံ)ဟာ ယနေ့အချိန်မှာ လမ်းဆုံလမ်းခွတခုကိုရောက်နေတယ်လို့ ပြည်တွင်းက ဝါရင့်သတင်းစာဆရာတယောက်က အခုလို ထပ်မံသုံးသပ်ပြောပြပါတယ်။
"ထိုင်းနိုင်ငံရဲ့အဓိကပြသနာကတော့ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာ အမေရိကန်ဘက်ယိမ်းတဲ့နိုင်ငံဖြစ်သလို၊ သူ့နိုင်ငံရဲ့အကျိုးစီးပွားတွေကိုလည်း အနောက်နိုင်ငံတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အခုယိုးဒယားဟာ လမ်းဆုံလမ်းခွတခုကိုရောက်နေပါပြီ။ အရင်လိုအနောက်ကိုယိမ်းတဲ့ပေါ်လစီကိုဆွဲကိုင်ထားမလား။ အရှေ့ဘက်က တရုတ်ကိုပဲဦးစားပေးဆက်ဆံမလား။ ပြောင်းလဲလာတဲ့ကမ္ဘာ့အခြေအနေအရ ဘယ်ဘက်ကိုယိမ်းမလဲ ဒါကလွန်ဆွဲနေသလိုပါပဲ"လို့ သူရဲ့ အမြင်ကိုပြောပါတယ်။
ကနဦးပိုင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့ရွေးကောက်ပွဲအပေါ် အနှုတ်လက္ခာဆောင်တဲ့ သဘောမျိုးတွေသာတောက် လျှောက်ပြောဆိုခဲ့ပေမယ့် ယခုထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဉ်မှာ မြန်မာ့ ရွေးကောက်ပွဲအား “နိုင်ငံရေးအသွင်ကူးပြောင်းမှု တစ်ခုဖြစ်မယ်လို့ မျှော်လင့်ကြောင်း” ပြောကြားခဲ့တဲ့အပေါ် ထိုင်းက မြန်မာအပေါ် သဘောထားပြောင်းပြီလားလို့ သုံးသပ်ယူဆမှု‌တွေလည်းရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်မှာ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင် အခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

image