ဂျပန်မှာ အင်အားပြင်းငလျင်လှုပ်ခတ်လို့ လူ ၃၀ ကျော်ဒဏ်ရာရပြီး တသိန်းနီးပါးကို ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ထုတ်
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရစ်ချ်တာစကေး ၇ ဒဿမ ၆ အဆင့်ရှိ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေကို နေအိမ်တွေကနေ ထွက်ခွာပြီး အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
အဲဒီငလျင်ဟာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာ အာအိုမိုရီဒေသ ကမ်းရိုးတန်းမှ ၈၀ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၅၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာလို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆိုပါတယ်။
ကနဦးမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ယခုအခါ ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ငလျင်ကြောင့် လူ ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး နောက်ဆက်တွဲငလျင်တွေကို သတိထားကြဖို့ ဒေသခံတွေကို ဝန်ကြီးချုပ် တာကာအိချိက တိုက်တွန်းထားပါတယ်။
ပရိဘောဂနဲ့ ပစ္စည်းတွေကို လုံခြုံစွာ သိမ်းဆည်းထားတာလိုမျိုး နေ့စဉ်ငလျင်ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့နဲ့ တုန်ခါမှုခံစားရပါက ချက်ချင်းထွက်ခွာဖို့ ပြင်ဆင်ထားကြဖို့ သူက သတိပေးထားပါတယ်။ ရိုက်တာသတင်းဌာနရဲ့အဆိုအရ ဒေသခံ ကိုးသောင်းကျော်ကို နေအိမ်တွေက ထွက်ခွာဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
အစိုးရဟာ ငလျင်ဆိုင်ရာ တုံ့ပြန်ရေးရုံးတခု ဖွင့်လှစ်ထားပြီး အရေးပေါ်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် မီနိုရူ ကီဟာရာက ပြောပါတယ်။
"မိမိတို့အနေနဲ့ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပါအဝင် အရေးပေါ်ဘေးအန္တရာယ်တုံ့ပြန်ရေးအစီအမံတွေကို အကောင်အထည်ဖော်ဖို့ အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်" လို့ သူက ပြောပါတယ်။
ငလျင်ကြောင့် အရှေ့မြောက်ကမ်းရိုးတန်းတလျှောက်ရှိ ကျည်ဆန်ရထားဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။ Higashidori နှင့် Onagawa နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ငလျင်ကြောင့် ထိခိုက်မှုမရှိဘူးလို့ Tohoku Electric Power က ပြောပါတယ်။
ဒါအပြင် ယခင်ဆူနာမီကြောင့် ပျက်စီးပြီး ပိတ်ထားတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေး စက်ရုံနေရာမှာလည်း ဘာမှ ထိခိုက်တာမတွေ့ရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။