ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ သေဆုံးသူမြင့်တက်လာပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

အငြင်းပွားနယ်စပ်မှာ ထိုင်းဝဲ့ ကမ္ဘောဒီးယားအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံးသူအရေအတွက် တိုးပွားလာကာ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ထိုင်းစစ်တပ်က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ယောက်ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာတယ်လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောပါတယ်။ ထိုင်းဘက်မှာတော့ စစ်သားတယောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေခဲ့တဲ့ ပဋိပက္ခများအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ကီလိုမီတာ ၈၀၀ ကျော်နယ်စပ်ချင်း ထိစက်နေပြီး နယ်စပ်ရှိ နယ်မြေအချို့ကို ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး ရာစုနှစ်တခုကျော်ကြာ အငြင်းပွားနေခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာဥပဒေနဲ့ အညီ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ဖို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ံအနေနဲ့ ဘယ်လိုကျူးကျော်မှုမျိုးကိုမှ စတင်ခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အချုပ်အခြာအာဏာကို ချိုးဖောက်မှုတိုင်းကို သည်းခံမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ပြည်သူများကို အကောင်းဆုံးစောင့်ရှောက်ဖို့ လိုအပ်တဲ့ အစီအမံများအားလုံးကို လုပ်ဆောင်ိဖု့ အသင့်ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံအရှေ့ဖျားပိုင်းရှိ ယူဘွန်ရက်ချာသာနီပြည်နယ်ရှိ နေရာနှစ်ခုမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအသစ်တွေအတွင်း ကမ္ဘောဒီးယား စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတယောက်သေပြီး လေးယောက်ဒဏ်ရာရခဲ့ပြီးနောက် ပဋိပက္ခတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
မနေ့ကတော့ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားဘက်ကလည်း BM-21 ဒုံးကျည်တွေ တိုက်ခိုက်ခဲ့ပါတယ်။ မေလမှာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခမှာ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ သွင်းကုန်ပိတ်ပင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

image