ဆန်းတို့စ်အသင်းကို အခုလို ကူညီပေးနိုင်ဖို့ ပြန်လာခဲ့ခြင်းဖြစ်တယ်လို့ နေမာ ပြောကြား

ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက အသင်းကို အခုလိုကူညီပေးနိုင်ဖို့ ပြန်လာခဲ့ခြင်းဖြစ်တယ်လို့ ခရူဇီယိုနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်(၃၈)ကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး ဆန်းတို့စ်အသင်းက ခရူဇီယိုအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့ (၄)မှတ်အကွာ၊ အဆင့်(၁၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ ရာသီပြီးဆုံးဖို့ (၄)ပွဲအလိုမှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ နောက်ဆုံး(၄)ပွဲမှာ (၁၀)မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် တန်းဆင်းအန္တရာယ်က လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့ ဆန်းတို့စ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ နေမာဟာ ဒူူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေပေမဲ့ အသင်းအတွက် ဆက်လက်ကစားပေးခဲ့ပြီး နောက်ဆုံး(၄)ပွဲမှာ (၅)ဂိုးသွင်းကာ (၁)ဂိုးဖန်တီးပေးခဲ့ပါတယ်။
''ကျွန်တော် တတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းနဲ့ အခုလို ကူညီပေးနိုင်ဖို့ ကျွန်တော် လာခဲ့တာပါ။ ကျွန်တော့်အတွက် ခက်ခဲ့တဲ့ ရက်သတ္တပတ်တွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒူးဒဏ်ရာကြောင့် ဒီပွဲတွေကို ကျွန်တော် မကစားခဲ့သင့်ပါဘူး။ ကျွန်တော် အနားယူဖို့ လိုအပ်နေပြီး ခွဲစိတ်ကုသမှုလည်း ခံယူသွားမှာပါ'' လို့ နေမာက ပြောကြားခဲ့ပါတယ်။
နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ် အသင်းနဲ့အတူ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတာကြောင့် ခွဲစိတ်ကုသမှုကို အမြန်ဆုံးခံယူသွားဖွယ်ရှိကြောင်း သိရပါတယ်။

image