ဆာလာရဲ့ ခံစားမှုကို နားလည်ပေမဲ့ အခုလို မပြောကြားသင့်ဘူးလို့ အိုဝင် မှတ်ချက်ပြု
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လက်ရှိ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာရဲ့ ခံစားမှုကို နားလည်ပေမဲ့ အခုလို မပြောကြားသင့်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ဒီအတွက် အီဂျစ်တိုက်စစ်ကစားသမား ဆာလာရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခဲ့ကြသလို၊ နည်းပြ အာနယ်ဆလော့ကလည်း နောက်ဆုံး(၃)ပွဲဆက်တိုက် ပွဲထွက်စာရင်းက ချန်လှပ်ပြီး အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။
ဒါကြောင့် လိဒ်စ်နဲ့ ပွဲအပြီးမှာ ဆာလာက သူ့အနေနဲ့ မမျှမတဆက်ဆံခံနေရတယ်လို့ ခံစားရကြောင်းနဲ့ အသင်းမှာ ဆက်ရှိဖို့ မသေချာတော့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအတွက် မိုက်ကယ်အိုဝင်က လူမှုကွန်ရက်မှာ ''အိုး မိုဆာလာ။ မင်း ဘယ်လိုခံစားရတယ်ဆိုတာ ငါ တွေးကြည့်နိုင်ပါတယ်။ မင်းက အသင်းကို အချိန်အကြာကြီး သယ်ပိုးလာခဲ့ပြီး ဆုဖလားအားလုံးလည်း ရယူခဲ့တာပါ။ ဒါပေမဲ့ ဒါက အသင်းလိုက်အားကစားနည်းပါ။ ပြီးတော့ မင်းအနေနဲ့ လူသိရှင်ကြားမပြောသင့်ဘူး။ တစ်ပတ်အတွင်း အာဖရိကဖလားပွဲ သွားတဲ့အခါ မင်းရဲ့နှုတ်ခမ်းကို ကိုက်ထားပြီး မင်းရဲ့နိုင်ငံကို ပျော်ရွှင်စွာကိုယ်စားပြုလိုက်ပါ။ ပြီးတော့မှ မင်းပြန်လာတဲ့အခါ ဘယ်လိုဖြစ်မလဲ ကြည့်လိုက်ပါ'' လို့ ရေးသားခဲ့ပါတယ်။
လီဗာပူးလ်အသင်းတာဝန်ရှိသူတွေကလည်း ဆာလာရဲ့ လူသိရှင်ကြားထုတ်ဖော်ပြောကြားမှုအတွက် စိတ်ပျက်နေကြပြီး အင်တာမီလန်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲအတွက် ခေါ်ယူမသွားဘဲ ချန်လှပ်ခဲ့ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။