ထိုင်းကလပ် နာခွန်ရတ်ချာဆီမာအသင်း ဟိန်းဖြိုးဝင်းကို ခေါ်ယူ

ထိုင်းလိဂ်-၁ ကလပ် နာခွန်ရတ်ချာဆီမာအသင်းဟာ မြန်မာ့လက်ရွေးစင် ညာနောက်ခံလူ ဟိန်းဖြိုးဝင်းကို ကာလတိုစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
နာခွန်ရတ်ချာဆီမာအသင်းဟာ မြန်မာ့လက်ရွေးစင် ညာနောက်ခံလူ ဟိန်းဖြိုးဝင်းကို ယခုရာသီအတွက် ရာသီဝက်စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဟိန်းဖြိုးဝင်းဟာ ယခုရာသီမှာ MNL ကလပ် ရှမ်းယူနိုက်တက်အသင်းမှာ ကစားနေသူဖြစ်ပြီး ယခုအခါ ရှမ်းယူနိုက်တက်အသင်းက ကစားသမားရဲ့ ဆန္ဒကို ဦးစားပေးတဲ့အနေနဲ့ ထိုင်းလိဂ်-၁ ကလပ် နာခွန်ရတ်ချာဆီမာအသင်းထံကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နာခွန်ရတ်ချာဆီမာအသင်းဟာ ယခုရာသီ ထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲမှာ (၁၃) ပွဲကစား၊ နိုင်ပွဲ တစ်ပွဲ သာရသေးပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေလျက်ရှိပါတယ်။
နာခွန်ရတ်ချာဆီမာအသင်းဟာ ယခုရာသီဝက်အ ပြောင်းအရွှေ့ကာလမှာ ဟိန်းဖြိုးဝင်းအပြင် ပြင်သစ်တိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူ ဖြည့်တင်လိုက်ကြောင်း သိရပါတယ်။
ဟိန်းဖြိုးဝင်းဟာ ထိုင်းလိဂ်-၁ ကလပ် ရတ်ချာဘူရီအသင်းမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ကစားခဲ့ပြီး ယခုရာသီအစမှာ မိခင်ကလပ် ရှမ်းယူနိုက်တက်အသင်းထံကို ပြန်လည် ရောက်ရှိလာကာ ယခုအခါ ထိုင်းကလပ်အသင်းထံကို ပြန်လည်ပြောင်းရွှေ့သွားတာဖြစ်ပါတယ်။

image