နာကျင်မှု၊ ဒေါသတို့နှင့် ကစားရန် ယူနိုက်တက်ကစားဖော်များကို ဒါလော့တိုက်တွန်းလာ
==================
ယူနိုက်တက်နောက်ခံလူဒီယေဂိုဒါလော့က ရူဘင်အမိုရမ်အား နောက်ထပ်ဖိအားများ ကျရောက်လာပြီးနောက် နာကျင်မှု၊ ဒေါသတို့ဖြင့် ကစားရန် ယူနိုက်တက်ကစားဖော်များအား တိုက်တွန်းလာပါတယ်။
ယူနိုက်တက်ဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပေမယ့် တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ ဝက်စ်ဟမ်းကို အနိုင်ရရှိပါက ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၅ နေရာသို့ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့်လည်း သရေဖြင့်သာ ကြုံခဲ့ရကာ အမိုရမ်မှာ ဖိအားများအောက်သို့ တဖန် ကျရောက်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယနေ့ညတွင် ယခုရာသီ နိုင်ပွဲပျောက်နေတဲ့ ဝုဗ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။
တကယ်လို့များ ဝုဗ်နှင့်ပွဲတွင် ထပ်မံ အလွဲအချော်ဖြစ်လာပါက ယူနိုက်တက်နည်းပြအမိုရမ်မှာ ပိုမိုဖိအားအောက်သို့ ကျရောက်လာပါမယ်။
ဒါလော့က "တခါတလေ ဘောလုံးအရည်အသွေးနဲ မဆိုင်ဘူး။ ဒီရာသီမှာ ကျွန်တော်တို့ အသင်းကောင်းတစ်သင်းဖြစ်နိုင်တယ်ဆိုတာကို ပြသထားနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကြည့်ရမယ်။ အတွင်းထဲက လာတာပါ။ ဒေါသကနေ လာတာလည်း ဖြစ်နိုင်တယ်။ ဒါကပွဲ ပွဲတိုင်းအနိုင်ရဖို့ နေ့စဉ်တွန်းအား ဖြစ်နေပါတယ်။ ဒီကလပ်အတွက် နိုင်ပွဲနဲ့ ဆုဖလားတွေရယူဖို့ ကစားရေး စွဲလန်းနေဖို့ လိုတယ်။ အချိန်လိုအပ်တယ်လို့ပဲ အော်နေလို့ မရဘူး။ ဒီကလပ်က တောင်းဆိုနေတဲ့ အရေးပါတဲ့ အဝေးကွင်းနိုင်ပွဲ လိုအပ်နေတယ်။ ဒါကြောင့် ဒီလို အခွင့်အရေးရပြီး အနိုင်မရတဲ့အခါ တခါတလေ ပိုနာကျင်ရတယ်။ သုံးပွဲ သို့မဟုတ် လေးပွဲဆက် အနိုင်ရပြီးတဲ့အခါ လူတွေက ငါးပွဲ၊ ခြောက်ပွဲ၊ ခုနှစ်ပွဲဆက်နိုင်ပွဲရဖို့ မျှော်လင့်လာကြတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်း အာရုံစိုက်ရမယ်။ တစ်ပွဲချင်းနိုင်အောင် ကစားရမယ်။ (ဝက်စ်ဟမ်းပွဲ)ကျွန်တော်တို့ ထိပ်ပိုင်းသို့ တက်နိုင်ဖို့ အခွင့်အရေးရခဲ့တယ်။ ဒီတော့ ဒါက ပိုပြီးတော့ နာကျင်ရတယ်"လို့ ဆိုသွားပါတယ်။
တဖက်တွင် ပေါ်တူဂီလူမျိုးနည်းပြရူဘင်အမိုရမ်ဟာ ကစားသမားများအား ကလပ်ရ့သမိုင်းဝင်အဆင့်အတန်းနှင့်အညီ ဆက်တိုက် ရလဒ်ကောင်းများ ရရှိရေး ကြိုးပမ်းရန် တိုက်တွန်းနေသလို ကစားသမားများရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိနေခြင်းမရှိကြောင်းလည်း ဝေဖန်နေပါတယ်။