ဆာလက်နေရာတွင် ရိုဒရီဂိုနှင့် အစားထိုးရန် လီဗာပူး ကြိုးပမ်းလာနိုင်
====================
လီဗာပူးဟာ မိုဟာမက်ဆာလက်နေရာတွင် ရီးရဲလ်မက်ဒရစ်တွင် နေရာပျောက်နေတဲ့ ရိုဒရီဂိုအား ခေါ်ယူပြီး အစားထိုးရန် အလိုရှိနေပါတယ်။
အီဂျစ်စူပါစတားဟာ လိဒ်နှင့် သုံးဂိုးစီသရေကျတဲ့ပွဲတွင် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးနောက် ကလပ်နှင့် နည်းပြအန်းဆလော့တို့အား အပြင်းအထန် ဝေဖန်မှုများ ပြုလုပ်ပြီးနောက် အန်ဖီးလ်အနာဂတ် မရေမရာ ဖြစ်နေပါတယ်။
အစောပိုင်းတုန်းက ထွက်ပေါ်လာတဲ့သတင်းအရ ဆော်ဒီကလပ် Al Hilal က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဆာလက်အား ခေါ်ယူရေး ကြိုးပမ်းလာမှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ ဧပြီလတုန်း လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်မချုပ်ဆိုမီ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ဘရိုက်တန်နှင့်ပွဲအပြီးတွင် အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်နှင့် ပူးပေါင်းလာမှာ ဖြစ်ပြီး ကြားရက် အင်တာမီလန်နှင့်ပွဲစဉ်တွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။
ယခု စပိန်သတင်းစာ Defensa Central က လီဗာပူးမှာ ဆာလက်နေရာတွင် အစားထိုးရန် အသင့်တော်ဆုံးကစားသမားအဖြစ် ရိုဒရီဂိုအား သတ်မှတ်ထားကြောင်း သိရပါတယ်။
တိုက်စစ်တွင် နေရာစုံ ကစားနိုင်တဲ့ ရိုဒရီဂိုအား နွေရာသီတုန်းက မန်စီးတီးတို့ ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမယ့် ပြောင်းရွှေကြေး သဘောတူညီမှု မရှိမှုကြောင့် ပရီးမီးယားလိဂ်သို့ မရောက်လာခဲ့တာပါ။
သူဟာ နည်းပြအလွန်ဆိုလက်အောက်တွင် လာလီဂါပွဲ ၃ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားပြီး ၃၄၂ မိနစ်တည်းသာ ကစားခွင့်ရထားမှုကြောင့် ပုံမှန်ကစားခွင့် ရရှိမယ့် အသင်းတစ်သင်းသို့ ပြောင်းလိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းတုန်းက အသက် ၂၄ နှစ်ရှိ ဘရာဇီးတိုက်စစ်သမားအတွက် ယူရိုသန်း ၇၀ တောင်းဆိုခဲ့ပေမယ့်လည်း ဇန်နဝါရီတွင် ဈေးလျှော့ကာ ယူရိုသန်း ၆၀ ခန့်ဖြင့် ရောင်းချလာဖို့ ရှိနေပါတယ်။
လီဗာပူးဟာ ဆာလက်နေရာတွင် အစားထိုးရေး ရိုဒရီဂိုတစ်ဦးတည်းကို ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဘုန်းမောက်တောင်ပံကစားသမားအန်တိုနီဆီမန်ယိုအား ခေါ်ယူရန်လည်း စိတ်ဝင်စားနေပါတယ်။ ဆီမန်ယိုဟာ ဘုန်းမောက်နှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုထားပေမယ့် စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းပေးရမယ့်အချက်ကို ထည့်သွင်းထားသူ ဖြစ်ပါတယ်။
ဂါနာတောင်ပံကစားသမားကို လီဗာပူးအပြင်း မန်စီးတီး၊ စပါးစ်တို့ကလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ခက်ခဲနေတဲ့ ဘရက်ဒလေဘာကိုလာကိုလည်း စိတ်ဝင်စားနေသလို ဘိုင်ယန်မြူးနစ်မှ ပြင်သစ်တောင်ပံကစားသမားမိုက်ကယ်အိုလစ်ကိုလည်း လျာထားပါတယ်။ ဒါပေမယ့် မိုက်ကယ်အိုလစ်မှာ ဘိုင်ယန်တွင် အရေးပါတဲ့သူအဖြစ် ကစားခွင့်ရနေသလို ကလပ်ဘက်ကလည်း လက်လွှတ်ဖို့ အစီအစဉ်မရှိတာကြောင့် လီဗာပူးအနေဖြင့် ခေါ်ယူရေး ခက်ခဲနေပါတယ်။