အားနည်းသူ မဟုတ်ကြောင်းနှင့် ဆာလက် ပြန်ကစားလာနိုင်သေးကြောင်း အန်းဆလော့ ပြောကြားလာ
====================

လီဗာပူးနည်းပြအန်းဆလော့က ၎င်းမှာ အားနည်းသူ မဟုတ်ကြောင်းနှင့် ဆာလက်နှင့် ဖြစ်ပျက်နေတဲ့အခြေအနေကြောင့် သူ့လုပ်ပိုင်ခွင့်ကို ထိခိုက်နေစေတယ်လို့ ပြောဆိုနေမှုများအား ငြင်းဆိုလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် အန်းဆလော့နှင့် ဆက်ဆံရေး အဆုံးသတ်သွားပြီ ဖြစ်ကြောင်းနှင့် အသင်း ရလဒ်ဆိုးရွားမှုများအတွက် မိမိအပေါ် အပြစ်ပုံချရန် ကြိုးပမ်းနေကြောင်း ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
အီဂျစ်စူပါစတားဟာ တနင်္လာနေ့တုန်းက လီဗာပူးရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့ပေမယ့်လည်း အင်တာမီလန်နှင့် ရင်ဆိုင်ကစားမယ့် လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် အန်းဆလော့က ဆာလက်နှင့် ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ရေတိုအနေဖြင့် မီလန်ခရီးစဉ်တွင် ချန်လှပ်လာခြင်း ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဆလော့က "ပုံမှန်အားဖြင့် တည်ငြိမ်ပြီး ယဉ်ကျေးပါတယ်။ ဒီလို နေပေမယ့် အားနည်းနေတဲ့သူတော့ မဟုတ်ပါဘူး။ ကစားသမားတစ်ယောက်က ကျွန်တော်နဲ့ ကလပ်အပါအဝင် အများကြီး ပြောလာတဲ့အခါ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျွန်တော်တို့ တုံပြန့်ပါတယ်။ ဒီမှာ သူ မရှိပါဘူး။ ကျွန်တော့်လုပ်ပိုင်ခွင့် ထိခိုက်နေတယ်လို့တော့ မမြင်ပါဘူး။ ဒီလိုပဲ ခံစားရပါတယ်။ မနက်ဖြန်ပြီးရင်တော့ ဒီအခြေအနေကို သုံးသပ်ပါမယ်။ ကစားသမားတစ်ဦးအတွက် ပြန်လာဖို့ အခွင့်အရေးက ရှိနေဆဲပါ။ နောက်ဆုံးပွဲ(ဆာလက်)ကစားခဲ့တယ်လို့တော့ မထင်ပါဘူး။ အခု ဒီအချိန်မှာ ဒီမေးခွန်းကိုတော့ မဖြေနိုင်ပါဘူး"လို့ ဆိုသွားပါတယ်။
ဆာလက်ဟာ ယင်းအင်တာဗျူးတွင် ကလပ်အတွင်းမှ တစုံတယောက်က ရလဒ်ဆိုးရွားမှုများအတွက် သူ့အပေါ် အပြစ်ပုံချလိုနေကြောင်း ဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် ဆလော့က ဆာလက်ရဲ့ ပြောကြားမှုမှာ သူ့အပေါ် ရည်ရွယ်သလားဆိုတာ မသိကြောင်းနှင့် ဆာလက်အား သုံးပွဲဆက် အရန်ခုံသို့ ပို့ရတဲ့အကြောင်းရင်းအား ပြောကြားခဲ့ပါတယ်။
ဆလော့က "ဘယ်သူ့ကို ရည်ရွယ်ပြောသလဲ မသိပါဘူး။ သူကတော့ မှန်တယ်ထင်လို့ ပြောတာပါ။ ဒါပေမယ့် သူ့အနေနဲ့ မီဒီယာမှာ ဒါကို မပြောသင့်ပါဘူး။ သူက အရမ်းလေးစားခံရသူပါ။ ဒီအပတ်မတိုင်ခင် အရမ်းလည်း လေ့ကျင့်တယ်။ သူ ဒီလို ပြောသွားလို့ အံ့ဩရတယ်။ စကားပြောခဲ့တယ်(ဆာလက် အင်တာဗျူးနဲ့ပတ်သက်ပြီး)။ ဒါပေမယ့် ဖြစ်ပျက်နေတာနဲ့ပတ်သက်ပြီး လက်ခံတယ်လို့ မဆိုလိုပါဘူး။ ပြီးတော့ ပွဲကစားခွင့်မရလို့ ကစားသမားတစ်ဦးက ဒီလိုတွေ ပြောဆိုလာတာ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့ အသင်းလိုက် ရုန်းကန်ရတယ်။ ကျွန်တော်လည်း အဖြေရှာဖို့ ကြိုးစားတယ်။ ဒါက ကျွန်တော့်တာဝန်ပါ။ အများကြီး ကြိုးစားတယ်။ နော်တင်ဟမ်ဖောရက်စ်၊ ပီအက်စ်ဗွီတို့နဲ့ပွဲတွေကို ဆန်းစစ်လေ့လာပြီးတဲ့နောက် အလယ်တန်းကစားသမား ထပ်ထည့်ပြီး ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ"လို့ ပြောကြားသွားပါတယ်၊
BBC ရဲ့ သတင်းအရင်းအမြစ်အရ လီဗာပူးဟာ ဆလော့ကို ထောက်ခံတဲ့အနေဖြင့် ဆာလက်အား အင်တာမီလန်နှင့်ပွဲလူစာရင်းတွင် ချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တဖက်တွင် လီဗာပူးက ကစားသမားအား ကာလတို အနားပေးလိုက်မှုက အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
တဖက်တွင် လီဗာပူးဟာ မိုဟာမက်ဆာလက်အား အရေးယူမှု ပြုလုပ်ရန်လည်း အစီအစဉ် မရှိပါဘူး။
အီဂျစ်စူပါစတားဟာ လာမယ့် တနင်္လာနေ့တွင် အာဖရိကဖလားပြိုင်ပွဲ သွားကစားတော့မှာလည်း ဖြစ်ပါတယ်။ သူဟာ လာမယ့် စနေနေ့ ဘရိုက်တန်နှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကိုလည်း လွဲချော်လာဖို့ ရှိနေပါတယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်တွင် ရိုးမားမှ ပြောင်းလာပြီးနောက် လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ယခုရာသီတွင် လီဗာပူးအတွက် ၁၉ ပွဲကစားထားရာတွင် ၅ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
ဆလော့ဟာ အင်တာမီလန်နှင့်ပွဲအတွက် ကစားသမား ၁၉ ဦး ခေါ်ဆောင်လာခဲ့ရာမှာ ကိုဒီဂတ်ပို၊ ဖီဒီရီကိုချီယေဆာ၊ ဝါတာရူအန်ဒိုတို့လည်း မပါဝင်ပါဘူး။
လီဗာပူးဂိုးသမားအလစ်ဆစ်ဘက်ကာက ဆာလက်အား အင်တာဗျူးတွင် ပြောကြားခဲ့မှုများအတွက် လီဗာပူးကစားဖော်များက ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်ပြီး အသင်းတွင် ပြန်ကစားလာနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုသွားပါတယ်။
ဘရာဇီးလက်ရွေးစင်ဂိုးသမားက "ဒီအခြေအနေက ကျွန်တော်တို့ ပျော်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးပိုင်းမှာ ကျွန်တော်တို့အားလုံး မိုကို ချစ်ကြတယ်။ အနည်းငယ်တော့ အံ့ဩခဲ့ရတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးပိုင်းအရ ဖြစ်နေလေတော့ ကလပ်နဲ့ သူ့ကြားကိစ္စကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ သနဲ့ ကလပ်အကြား အကောင်းဆုံးဖြစ်စေမယ့် သဘောတူညီမှုရလာဖိ့ပဲ မျှော်လင့်တယ်။ ဒီကလပ်အတွက် သူ ပြန်ကစားလာဖို့ မျှော်လင့်နေတုန်းပါ"လို့ ပြောကြားသွားပါတယ်။

image