အက်ဖ်အေဖလားတတိယအဆင့်တွင် ဘရိုက်တန်နှင့် ရင်ဆိုင်တွေ့ရပြီးနောက် ပြိုင်ပွဲမှ ထွက်လိုက်ရပြီလို့ ယူနိုက်တက်ပရိသတ်များ ယုံကြည်နေ
======================
ယူနိုက်တက်ပရိသတ်များဟာ အက်ဖ်အေဖလားတတိယအဆင့်တွင် ဘရိုက်တန်နှင့် ရင်ဆိုင်တွေ့ရပြီးနောက် ယခုရာသီတွင်လည်း ဆုဖလားလက်မဲ့ရာသီတစ်ခု ကြုံလာရမယ်လို့ ယုံကြည်နေကြပြီ ဖြစ်ပါတယ်။
အက်ဖ်အေဖလားတတိယအဆင့်မဲခွဲမှု ပြုလုပ်ရာတွင် ယူနိုက်တက်ဟာ လာမယ့်လတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် ဘရိုက်တန်အား အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားလာရပါမယ်။
ယူနိုက်တက်ဟာ ဘရိုက်တန်နှင့် တွေ့ဆုံမှုတွင် ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ နောက်ဆုံး ၉ ပွဲတွင် ၆ ကြိမ်အထိ အရေးနိမ့်ထားပါတယ်။
အောက်တိုဘာလနောက်ဆုံးအကြိမ် တွေ့ဆုံတုန်းက ယူနိုက်တက်တို့ အနိုင်ရထားပေမယ့်လည်း ပရိသတ်တွေကတော့ အက်ဖ်အေဖလားမှ ထွက်ခွာလိုက်ရပြီလို့ ယုံကြည်နေကြပါတယ်။
ယူနိုက်တက်ပရိသတ်တစ်ဦးက "သေရော၊ ထွက်လိုက်ရပြီပေါ့"လို့ ဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း "ဘယ်လိုတောင် တွေ့တာလဲ။ လုပ်ဇာတ်မဲခွဲတာကြီး"လို့ ဝေဖန်သွားပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ခါရာဘောင်ဖလားတွင် လိဂ် ၂ ကလပ် ဂရမ်စဘီအား ရှုံးနိမ့်ကာ ပြိုင်ပွဲတစ်ခုမှ ထွက်ခွာထားရပြီး ဖြစ်ပါတယ်။
၎င်းတို့ဟာ ဥရောပဖလားဝင်ခွင့်ရထားခြင်းမရှိရာ ယခုရာသီတစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားသာ ရှိပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နှင့် လက်စတာတို့အား ကျော်ဖြတ်ကာ ပဥ္စအဆင့်သို့အထိ တက်ရောက်ခဲ့ပြီး ဖူလ်ဟမ်ကို အရေးနိမ့်ကာ ထွက်ခဲ့ရပါတယ်။ ဘရိုက်တန်မှာလည်း ကွာတားဖိုင်နယ်အထိ တက်ခဲ့ကာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၄ ခုနှစ်တုန်းက အဲရစ်တန်ဟက် ကိုင်တွယ်စဉ်တုန်းက အက်ဖ်အေဖလား နောက်ဆုံး ဆွတ်ခူးခဲ့တာပါ။
အက်ဖ်အေဖလားတတိယအဆင့်တွင် နောက်ထပ် စိတ်ဝင်စားစရာ တွေ့ဆုံမှုအဖြစ် စပါးစ်နှင့် ဗီလာတို့ ထိပ်တိုက်တွေ့နေပါတယ်။
ဒါ့အပြင် အက်ဒီဟောင်းရဲ့ နယူးကာဆယ်မှာလည်း စိန့်ဂျိမ်းစ်ပါ့ခ်တွင် ပရီးမီးယားလိဂ်ပြိုင်ဘက် ဘုန်းမောက်အား ဧည့်ခံကစားရပါမယ်။
အခြားပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှုများအဖြစ် အဲဗာတန်ကလည်း Hill Dickinson Stadium တွင် ဆန်းဒါးလန်းကို ဧည့်ခံကစားရပါမယ်။
မေလတုန်းက အက်ဖ်အေဖလား ဆွတ်ခူးခဲ့တဲ့ လက်ရှိ ချန်ပီယံ ပဲလေ့စ်မှာ အပျော်တမ်းကလပ် မက်ကလစ်ဖီးလ်နှင့် ရင်ဆိုင်ကစားရပါမယ်။