ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား
မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုအပ်ပြီး ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်းလည်း ဦးမြင့်ကြိုင်က ပြောသည်။
လာမည့် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၈) ရက်၌ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပြီးဖြစ်သည်။
ယခုအချိန်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကိုကြေညာထားပြီးဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကိုလည်း သက်ဆိုင်ရာနိုင်ငံ သံရုံးများတွင် လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။