1 ရက် - ဘာသာပြန်ပါ။

တရုတ်တိုက်လေယာဉ်တွေက ဂျပန်လေယာဉ်တွေကို ဒုံးပစ်ရေဒါနဲ့ ပစ်မှတ်ထားချိန်ရွယ်မှု ဖြစ်ပွား

တရုတ်နဲ့ ဂျပန်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုတွေ ပိုမိုဆိုးရွားလာချိန်မှာ တရုတ်တိုက်လေယာဉ်တွေက ဂျပန်လေယာဉ်တွေကို ဒုံးကျည်ပစ် ရေဒါတွေနဲ့ ပစ်မှတ်ထား ချိန်ရွယ်ခဲ့တဲ့အပေါ် ဂျပန်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။
လေယာဉ်တစင်းကို ရေဒါဲ့ ပစ်မှတ်ထားတာဟာ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတခုအဖြစ် သတ်မှတ်လိုက်တာကြောင့် ခြိမ်းခြောက်မှုတခုအဖြစ် သတ်မှတ်လို့ရပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းစုမှာ အလားတူဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်က တရုတ် J-15 တိုက်လေယာဉ်တွေကို တုံ့ပြန်သည့်အနေနဲ့ တိုက်လေယာဉ်တွေကို အရေးပေါ်စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး တရုတ်ဘက်ကတော့ လေ့ကျင့်ရေးတခုအတွင်း ဂျပန်လေယာဉ်တွေဟာ တရုတ်တိုက်လေယာဉ်တွေကို နှောက်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက တရုတ်အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်ဟာ စစ်ရေးအရ အရေးယူနိုင်ကြောင်း ပြီးခဲ့တဲ့လက ထုတ်ဖော်ပြောကြားပြီးနောက်မှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။
တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း တရုတ်နဲ့ ဂျပန်ကမ်းခြေစောင့်တပ်တွေဟာ အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းတွေအနီးမှာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိဖြစ်စဉ်မှာတော့ တရုတ် J-15 ဂျက်လေယာဉ်တွေရဲ့ ရည်ရွယ်ချက်မှာ မရှင်းလင်းပေမယ့် အခြားလေယာဉ်တွေကို ရှာဖွေဖို့ ရည်ရွယ်ပါက ဂျပန်လေယာဉ်တွေကို ရေဒါနဲ့ ချိန်ရွယ်စရာမလိုဘူးလို့ ဂျပန်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။
တရုတ်ရဲ့ လျောင်နင်းလေယာဉ်တင်သင်္ဘောမှ လွှတ်တင်ခဲ့တဲ့ J-15 ဂျက်လေယာဉ်တွေဟာ စနေနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၂ မိနစ်မှာ ဂျပန်ဂျက်လေယာဉ်တွေကို ရေဒါနဲ့ ပထမဆုံး ပစ်မှတ်ထားချိန်ရွယ်ခဲ့ပြီး ညနေ ၅ နာရီ ၃၇ နာရီခန့်မှာလည်း အလားတူ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်လေယာဉ်တွေကတော့ ရန်စမှုလို့ ယူဆနိုင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမှ မလုပ်ခဲ့ဘူးလို့ ဂျပန်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။
"ဒါ အလွန်ဝမ်းနည်းစရာပါ။ ဂျပန်က တရုတ်ဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ထပ်မံဖြစ်ပွားတာတွေမဖြစ်ဖို့ အစီအမံတွေကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ကာ ဂျပန်အနေနဲ့ တည်ငြိမ် ခိုင်မာစွာ တုံ့ပြန်မယ်" လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချီက ပြောပါတယ်။
ဒါပေမယ့် တရုတ်ရေတပ်ကတော့ ဂျပန်နိုင်ငံဘက်က ပြောဆိုမှုတွေဟာ အချက်အလက်တွေနဲ့ လုံးဝကိုက်ညီမှုမရှိဘူးလို့ ပြောဆိုထားပြီး ဂျပန်အနေနဲ့ အသရေဖျက်ပြောဆိုတာတွေကို ရပ်တန့်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ဒီ‌ဒေသမှာ စစ်ရေးလေ့ကျင့်မှာကို အရင်ကတည်းက ကြေညာထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်အနီးရှိ ယိုနာဂူနီကျွန်းမှာ တရုတ်ဒရုန်းတစင်းလို့ ယူဆရတဲ့ ဒရုန်းတွေ့ရှိပြီးနောက် ဂျပန်က လေယာဉ်တွေအရေးပေါ်စေလွှတ်ခဲ့ရဲပီးနောက် နှစ်ပတ်အကြာမှာ အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
မကြာသေးမီက တင်းမာမှုများ မြင့်တက်လာမှုတွေကြောင့် တရုတ်နိုင်ငံသားတွေအနေနဲ့ ဂျပန်ကို ခရီးမသွားကြဖို့ တရုတ်အာဏာပိုင်တွေက တိုက်တွန်းထားပြီး ဂျပန်မှာ ပင်လယ်စာတင်သွင်းမှုတွေကိုပိတ်ပင်လိုက်တာ လူကြိုက်များတဲ့ ဂျပန်ရုပ်ရှင်ပြသမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

image