ဖားကန့်ဒေသ ၊ မလောင်မှာ လက်နက်ကြီးကျလို့ သုံးယောက်သေဆုံး
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသရှိ မလောင်ရွာမှာ ညတုန်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သုံးယောက်သေဆုံး မှုရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
မနေ့က ဒီဇင်ဘာ ၇ ရက်နေ့ ည ၆ နာရီကျော်လောက်ကစပြီး ည ၁၂ နာရီလောက် အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မလောင်ရွာ အပြင် မြောက်ဖြူရွာ အပါအဝင် ကျေးရွာ အချို့မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
" မလောင်ရွာမှာက လက်နက်ကြီးကြောင့် မိသားစု သုံးယောက်ဆုံးသွားတယ်။ ဖားကန့်မှာ ညရောက်ပြီဆို ပစ်ခတ်မှုတွေ ကြားရတာပဲ ။ မလောင်ရွာကို အခုလူမှုရေးအသင်းတွေ သွားနေတယ် ။ မြောက်ဖြူရွာမှာလည်း ဘုန်းကြီးကျောင်းပေါ် ကျသွားတယ်။ " လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
ဖားကန့်ဒေသမှာ အစိုးရတပ် နဲ့ လက်နက်ကိုင်တပ်တွေအကြား ရှရော်ခရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်း မှာတော့ လက်နက်ကြီး ပစ်ခတ်မှု မရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။
" ညတုန်းကတော့ လက်နက်ကြီးက နေရာစုံလောက်ကို ကျခဲ့တယ် ။ လောလောဆယ် သိရတာတော့ မလောင်က သေဆုံးသုံးယောက်ပဲ သိရတယ် ။ဒဏ်ရာရတော့ မကြားသေးဘူး ။ " လို့ လုံးခင်း ဒေသခံက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေက ဖားကန့် မြို့ကိုသာ အဓိက ထိန်းချုပ်ထား တာဖြစ်ပြီး လုံးခင်းအုပ်စု အပါအဝင် ကျေးရွာအများ စုကိုတော့ လက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဒေသခံ ပြောပြချက်အရ သိရပါတယ်။
အရင်ရက်ကလည်း မလောင်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၅ ရက်ကလည်း မရှိကထောင် ရပ်ကွက်မှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံ ထားရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၄ ရက်ကလည်း မှော်စီစာကျေးရွာဘက်မှာ လူတယောက် လက်နက်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တယ်လို့သိရပါတယ်။
ဖားကန့်ဒေသမှာ စစ်ရေး အခြေအနေ တင်းမာပြီး မြေပြင် အခြေအနေ ရှုပ်ထွေးနေတဲ့ အပြင် ဓားပြတိုက် လုယက်မှုတွေ ၊ ခိုးယူမှုတွေလည်း အဖြစ်များလာနေတယ်လို့ သိရပါတယ်။