ထိုင်းနဲ့ ကမ္ဘောဒီယားတို့ နယ်စပ်တိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီး လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်

ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေသော နယ်စပ်တလျှောက်မှာ ဒီကနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်စလုံးကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
နိုင်ငံအရှေ့ဖျားပိုင်းရှိ ယူဘွန်ရက်ချာသာနီပြည်နယ်ရှိ နေရာနှစ်ခုမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအသစ်တွေအတွင်း ကမ္ဘောဒီးယား စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတယောက်သေပြီး လေးယောက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
"ထိုင်းလေတပ်ဟာ ယခုအခါ နေရာအတော်များများရှိ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ လေယာဉ်တွေကို အသုံးပြုနေပြီ " လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ လက်ရှိမှာတော့ ကမ္ဘောဒီးယားစစ်တပ်ဟာ ထိုင်းအရပ်ဘက်ဧရိယာတွေကို BM-21 ဒုံးကျည်တွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေတော့ မကြားရသေးဘူးလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်တစောင်မှာတော့ ထိုင်းစစ်တပ်ဟာ ရက်ပေါင်းများစွာ ရန်လိုတဲ့ လုပ်ရပ်များ ပြုလုပ်ပြီးနောက် နေရာနှစ်ခုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကို အစောပိုင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားတပ်တွေက တုံ့ပြန်ခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုတွေကြောင့် ဇူလိုင်လမှာ ငါးရက်ကြာ စစ်ရေးပဋိပက္ခအဖြစ် ပေါ်ပေါက်လာခဲ့ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ဒေါ်နယ်ထရန့်တို့ ကြားဝင်စေ့စပ်ပေးခဲ့ပြီးနောက် အောက်တိုဘာလအတွင်းက ကွာလာလမ်ပူမှာ နှစ်နိုင်ငံအကြား ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၄၈ ယောက် သေဆုံးပြီး ခန့်မှန်းခြေအားဖြင့် လူ သုံးသိန်းကျော် ယာယီနေရပ်စွန့်ခွာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လက မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့ပြီး တင်းမာမှုတွေ ဆက်ရှိနေခဲ့ပါတယ်။
ထိုင်းစစ်တပ်ဟာ ရန်စနေတာဖြစ်ပြီး လက်တုံ့ပြန်လာအောင် လုပ်ဆောင်နေကြောင်းနဲ့ ကမ္ဘောဒီးယားတပ်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က သူ့ရဲ့ လူမှုကွန်ရ့က်မှာ တိုက်တွန်းထားပါတယ်။ တုံ့ပြန်မှုအတွက် အနီရောင်မျဉ်းကို သတ်မှတ်ထားပြီးဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ထိုင်းစစ်တပ်ကတော့ ထိုင်းနိုင်ငံ နယ်စပ်ခရိုင်လေးခုရှိ အရပ်သား လေးသိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေပြီး သုံးသောင်းခွဲကျော်ကို ယာယီခိုလှုံရာနေရာတွေမှာ နေရာချထားပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

image