အိန္ဒိယ၏ ဂိုအာပြည်နယ်တွင် နိုက်ကလပ်တစ်ခု မီးလောင်သဖြင့် လူ ၂၅ ဦး သေဆုံး

အိန္ဒိယ၏ ဂိုအာပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသည့် နိုက်ကလပ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်း ဂိုအာပြည်နယ် ဝန်ကြီးချုပ်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဂိုအာပြည်နယ်မြောက်ပိုင်း အာပိုရာမြို့ရှိ နိုက်ကလပ်တွင် ဒီဇင်ဘာ ၆ ရက် ညသန်းခေါင်အချိန်က လောင်ကျွမ်းခဲ့သည့် မီးကြောင့် သေဆုံးသူများထဲတွင် ကမ္ဘာလှည့်ခရီးသွားများလည်း ပါဝင်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကမူ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
အာရေဗျပင်လယ်ကမ်းခြေများပေါ်ရှိ ပေါ်တူဂီ၏ ကိုလိုနီဟောင်း ဂိုအာပြည်နယ်သည် ၎င်း၏ ညပိုင်းပွဲလမ်းသဘင်များ၊ ကမ်းခြေများ၊ ပင်လယ်ကမ်းခြေအငွေ့အသက်များကြောင့် နှစ်စဉ် သန်းနှင့်ချီသည့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။
“ဒီနေ့ကတော့ ကျွန်တော်တို့အားလုံးအတွက် အရမ်းနာကျင်ရတဲ့ နေ့ဖြစ်ပါတယ်။ လူ ၂၅ ဦး သေဆုံးခဲ့ရပြီး ခြောက်ဦးက ဒဏ်ရာရခဲ့ပါတယ်” ဟု ဂိုအာပြည်နယ်ဝန်ကြီးချုပ် ပရာမွတ် ဆာဝန့်က ပြောကြားခဲ့သည်။
သေဆုံးသူများအနက် ကမ္ဘာ့လှည့်ခရီးသွား သုံးဦးမှ လေးဦးအထိ ပါဝင်သည်ဟုလည်း ၎င်းကဆိုသည်။

image