ဇန်နဝါရီတွင် ဆာလက်ကို ကမ်းလှမ်းလာမယ့် ဆော်ဒီထိပ်သီးကလပ်
==================
Al Hilal ဟာ လီဗာပူးတွင် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရမှုအပေါ် စိတ်ပျက်လက်ပျက် ငြီးငြူလာတဲ့ မိုဟာမက်ဆာလက်အား လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင်ပင် ကမ်းလှမ်းမှု ပြုလုပ်လာရန် စီစဉ်နေပြီ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ လီဗာပူးဂန္ထဝင်ဟာ လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲတွင် ၃ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပြီးနောက် လီဗာပူးနှင့် နည်းပြအန်းဆလော့တို့အား အပြင်းအထန်ဝေဖန်မှု ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
၎င်းက ကလပ်တွင် ဖြစ်ပျက်နေတဲ့ ပြဿနာများအားလုံးအား သူ့အပေါ် ပုံချလာတယ်လို့ လီဗာပူးနှင့် အန်းဆလော့တို့ကို စွပ်စွဲပြောဆိုသွားခဲ့သလို လာမယ့် စနေနေ့ ဘရိုက်တန်နှင့်ပွဲစဉ်မှာ သူ့ရဲ့ နောက်ဆုံးလီဗာပူးပွဲ ဖြစ်လာနိုင်တယ်လို့လည်း အရိပ်အမြွက်ဆိုသွားပါသေးတယ်။
သူဟာ ဘရိုက်တန်နှင့်ပွဲစဉ်အပြီးတွင် အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်နှင့် ပူးပေါင်းလာမှာလည်း ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ လိဂ်ရဲ့ မျက်နှာစာအဖြစ် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေရာကို ဆက်ခံရန် မိုဟာမက်ဆာလက်မှာ အသင့်တော်ဆုံးသူလို့ ယုံကြည်နေပါတယ်။
နွေရာသီတုန်းက လီဗာပူးမှ ဒါဝင်းနူနက်ဇ်အား ခေါ်ယူခဲ့တဲ့ Al Hilal က မိုဟာမက်ဆာလက်အား ခေါ်ယူဖို့ ကြိုးပမ်းလာမယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမယ့် Al Hilal ဟာ ယခင်တုန်းက ဆာလက်ကို ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ယခုတစ်ကြိမ်တွင်တော့ ယင်းထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးဖြင့်သာ ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။
တဖက်တွင် လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းထားတဲ့ ဆာလက်က ဧပြီလတုန်းက လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုစဉ်တုန်းက ကလပ်ဘက်က ပေးထားတဲ့ ကတိများကိုလည်း ချိုးဖောက်ထားတယ်လို့ ဆိုထားပါသေးတယ်။
ဆော်ဒီပရိုလိဂ်ဟာ ချဲလ်ဆီးဒါရိုက်တာဟောင်းမိုက်ကယ်အီမီနာလို ဦးဆောင်တဲ့ Player Acquisition Center of Excellence (PACE) ဌာနရဲ့ ဦးဆောင်မှုဖြင့် ကစားသမားများကို ခေါ်ယူရေး ကလပ်ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်ပေးပါတယ်။
အီမီနာလိုမှာ မိုဟာမက်ဆာလက်နှင့် ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
တဖက်တွင် Al Hilal တွင် ဥရောပမဟုတ်တဲ့ ကစားသမားအရေအတွက် ပြည့်နေရာ မိုဟာမက်ဆာလက်ကို ခေါ်ယူမည်ဆိုပါက ၁ ဦးကို ရောင်းချရပါမယ်။ ဆော်ဒီပရိုလိဂ်ကလပ်များဟာ တစ်သင်းလျှင် ဥရောပမဟုတ်တဲ့ ကစားသမား ၈ ဦးအထိ မှတ်ပုံတင်ခွင့်ရှိပါတယ်။