ဘင်္ဂလားဒေ့ရှ်သို့ ဧည့်မထဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရန် စီစဉ်
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အစိုးရအချင်းချင်း Government to Government (G to G)စနစ်ဖြင့် ဧည့်မထ(၅)မှတ် ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းသို့ G to Gစနစ်ဖြင့် ဧည့်မထ(၅)မှတ် ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရေး ကြိတ်ခွဲထုတ်လုပ်ရာတွင် ၄၀၀ ကီလိုဝပ်ဆိုလာစနစ် တပ်ဆင်ပြီး ဆန်အရည်အသွေးပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေခြင်း ဖြစ်သည်။
ထို့ပြင် ပုသိမ်စက်မှုဇုန်စီမံကိန်းမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့်ပထမအကြိမ် ဆန်တန်ချိန် ၂၅၀၀ ကိုMVMCS 11 သင်္ဘောပေါ်သို့ကုန်တင်ပို့ခြင်း ဆောင်ရွက်နေပြီးယင်းသို့ တင်ပို့သည့် ဆန်အရည် အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေး၊ ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရန်အတွက်တိုင်းဒေသကြီး အစိုးရအဖွဲ့ကပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာ၀တီတိုင်းဒေသကြီးသည်စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး ဆန်စပါးကို
တိုးချဲ့စိုက်ပျိုးနိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံစေသည့်အပြင်ပြည်ပပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေတိုးမြှင့်ရရှိစေရန် ဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း သိရသည်။