ပြင်ဦးလွင်မြို့နယ်ရှိ ယခင်အစိုးရလက်ထက်က New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲခဲ့ပြီး စီမံကိန်းရပ်တန့်နေသည့် ရတနာပုံမြို့သစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် ယာယီသမ္မတ သွားရောက်ကြည့်ရှုစစ်ဆေး
ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက်လိုအပ်သည့် မြေနေရာများကို ခွင့်ပြုမည်ဟုဆို
ပြင်ဦးလွင်မြို့နယ်ရှိ ယခင်အစိုးရလက်ထက်က New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲခဲ့ပြီး စီမံကိန်းရပ်တန့်နေသည့် ရတနာပုံမြို့သစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီဇင်ဘာ ၅ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ရာတွင် ယာယီသမ္မတနှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများပါဝင်ပြီး ဦးစွာ ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အဦသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရတနာပုံမြို့သစ်စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအတွင်း ဆောင်ရွက်ထားရှိမှု၊ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ရတနာပုံတယ်လီပို့ဆိုင်ရာ အဆောက် အဦများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းနယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက် အဦများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆောင်ရွက်ရန် Expression Of Interest (EOI) ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊ နည်းပညာစက်မှုဇုန်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းများလည်ပတ်လျက်ရှိမှုနှင့် စီမံကိန်းဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံမြို့သစ် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများဆိုင်ရာ အချက်အလက်များ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ပိုင်အဆောက်အဦများဆိုင်ရာ အချက်အလက်များ၊ Soft Base Factories Area ရှိစက်ရုံများဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြခဲ့ကြောင်း သိရသည်။
ထိုသို့တင်ပြမှုများနှင့် စပ်လျဉ်း၍ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ယခုရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီဒုတိယအစိုးရ (၂၀၁၅ - ၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရကြောင်း၊ ယနေ့ခေတ်သည့် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဆိုက်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုစီမံကိန်းအားနိုင်ငံတော်၏ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများအား အဓိကထုတ်လုပ်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အနီးတွင် တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့် ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းလာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက်လိုအပ်သည့် မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများမရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအား အစိုးရမှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေးကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက်သွားနိုင်ကြောင်း၊ စီမံကိန်းမြေနေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း ယာယီသမ္မတ ပြောကြားသည်။