ကိုဘီမိုင်နူးအား အသုံးပြုမှုပေါ် ကာကွယ်ပြောဆိုလာတဲ့ အမိုရမ်
=================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ မည်သည့်အကယ်ဒမီကစားသမားကိုမှ ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုမှုအား ကာကွယ်ပြောဆိုလာသလို ကိုဘီမိုင်နူးကို အခွင့်အရေးပေးမှု နည်းပါးမှုအပေါ်တွင်လည်း ဆက်တိုက်ဆိုသလို အကြောင်းပြချက်ပေးလာပါတယ်။
အမိုရမ်က ယူနိုက်တက်အကယ်ဒမီမှာ အကောင်းဆုံးလုပ်ဆောင်ထားနိုင်ကြောင်း၊ ၁၉၇၃ ခုနှစ်မှ စတင်ကာ အကယ်ဒမီကစားသမားများအား အနည်းဆုံးအကယ်ဒမီကစားသမားတစ်ဦးအား လူစာရင်းတွင် ထည့်သွင်းတဲ့ စံချိန်ကို ဂုဏ်ယူစွာ ဆက်လက် ထိန်းသိမ်းလာဦးမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။
ယူနိုက်တက်ဟာ နောက်ပိုင်းတွင် အကယ်ဒမီကို အားစိုက် လုပ်ဆောင်နေပြီး ဘရန့်ဖို့ဒ်မှ စတီဖင်တော်ပေးကို ငှားရမ်းထားပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ် အရွယ်ရှိ ဂျေဂျေဂါဘရီရယ်ကိုလည်း ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် ဒါရိုက်တာ Box မှ ကြည့်ခွင့်ပေးခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းတွင်တော့ အကယ်ဒမီကစားသမားများမှာ ယူနိုက်တက်အတွက် အကန့်အသတ်ဖြင့်သာ အခွင့်အရေးရထားပါတယ်။
အကယ်ဒမီထွက်များဖြစ်ကြတဲ ကိုဘီမိုင်နူးနှင့် ဒေသဖွားတေလာဖရီဒရစ်ဆင်တို့ဟာ ဩဂုတ်လတုန်းက ဂရမ်စဘီကို ရှုံးနိမ့်တဲ့ လိဂ်ဖလားပွဲတစ်ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပါတယ်။ ဖရီဒရစ်ဆင်မှာ ယင်းနောက်ပိုင်းတွင် တစ်မိနစ်မျှပင် ကစားခွင့်ရလာခြင်း မရှိပါဘူး။ ကိုဘီမိုင်နူးမှာ ပရီးမီးယားလိဂ် ၉ ပွဲတွင် အရန်အဖြစ် ၁၇၁ မိနစ် ကစားခွင့်ရထားပါတယ်။
သူဟာ ပဲလေ့စ်နှင့်ပွဲတွင် နောက်ဆုံးမိနစ်မှာ အရန်အဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့ပြီး ဝက်စ်ဟမ်းနှင့်ပွဲတွင် အရန်အဖြစ်ပင် ဝင်ကစားခွင့်မရခဲ့ပါဘူး။
မိုင်နူး ဒဏ်ရာရရှိနေတဲ့ စပါးစ်နှင့်ပွဲတွင် ယူ-၁၈ နည်းပြဒါရင်းဖလက်ချာရဲ့သား အသက် ၁၈ နှစ်အရွယ်ရှိ ဂျက်ဖလက်ချာကို လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲတွင် အင်္ဂလန်ယူ-၂၀ တိုက်စစ်သမားရှီယာလေဆီမှာ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်မိနစ်ပင် ကစားခွင့်မရခဲ့ပါဘူး။
အမိုရမ်က "ကျွန်တော်က အနိုင်ပဲ လိုချင်တာ။ ဘယ်သူလဲဆိုတာ မကြည့်ဘူး။ ဒီအပေါ်မှာ ဂရုလည်း မစိုက်ဘူး။ ကွင်းထဲမှာ အကောင်းဆုံးကစားသမားတွေနဲ့ ခင်းကျင်းဖို့ပဲ ကြိုးစားတာပါ"လို့ ပြောကြားသွားပါတယ်။
ကိုဘီမိုင်နူးဟာ နွေရာသီတုန်းက နာပိုလီသို့ ရောက်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ကလပ်ရဲ့ တားဆီးခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့် ရရှိရန်အတွက် ဇန်နဝါရီတွင် အငှားဖြင့် ထွက်ခွာလာဖို့ ရှိပါတယ်။
အမိုရမ်ဟာ ကိုဘီမိုင်နူးကို အသုံးမပြုမှုအတွက် ပုံမှန်မေးခွန်းထုတ်ခြင်းခံလာရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အမိုရမ်က ကိုဘီမိုင်နူးမှာ အင်္ဂလန်ငယ်မွေးခြံပေါက်ကစားသမားတစ်ဦး ဖြစ်နေမှုနှင့်အတူ ၎င်းအား အသုံးမပြုမှုအတွက် မေးခွန်းမေးခြင်းခံရမှုအပေါ် နားလည်ကြောင်း ဆိုသွားပါတယ်။
တဖက်တွင် အမိုရမ်က အာဖရိကဖလားပြိုင်ပွဲသို့ အမ်ဘူမိုနှင့် ဒီရယ်လိုတို့ သွားကစားချိန်တွင်လည်း ကိုဘီမိုင်နူးအနေဖြင့် အခွင့်အရေးရလာဖို့ အာမခံချက် မရှိကြောင်းလည်း ထပ်မံဆိုသွားပါတယ်။

image