ယာဉ်မတော်တဆမှုများထဲတွင် ကျွဲ၊ နွားများစည်းကမ်းမဲ့လွှတ်ခြင်းလည်းပါဝင်ဟုဆို
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆမှုများထဲတွင် လမ်းချော်မှုအပြင် ကျွဲ၊ နွားများစည်းကမ်းမဲ့လွှတ်ထားခြင်းကြောင့် ဖြစ်ပွားခြင်းများလည်းပါဝင်ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင်မီးသတ် စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ရန်ကုန်ဘက်ခြမ်းမှာဖြစ်တာများတယ်။ ၂၃ မိုင်နဲ့ ၄၅ မိုင်ကြား၊ ပြီးတော့မိုင် ၆၀ နဲ့ ၇၅ မိုင်ကြားအဖြစ် များတယ်။ ဖြစ်တာကတော့ မိုးတွင်းကျ လမ်းတွေဘာတွေချော်လို့။ နောက်ပြီး ကျွဲ၊ နွားတွေစည်းကမ်းမဲ့ လွှတ်ထားပြီး လမ်းဖြတ်ကူးတာတွေကြောင့် ယာဉ်တိုက်မှုဖြစ်တာများတာ” ဟု စံတော်ချိန်ဒစ်ဂျစ်တယ် သို့ပြောသည်။
အမြန်လမ်း၌ ယခုနှစ်ဇန်နဝါရီမှနိုဝင်ဘာလအထိ ယာဉ်မတော်တဆမှုပေါင်း ၆၇ မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ အနက် ကားမီးလောင်မှုတစ်မှုပါဝင်ကြောင်းသိရသည်။
အဆိုပါ ၁၁ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၃၃ ဦးသေဆုံးကာ သေဆုံးသူအများစုမှာ အမျိုးသားများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉၂ ဦးရှိကြောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။