ထိုင်းဘတ်ခြောက်သန်းထီ မြန်မာထဲက ထပ်မံကံထူး
ဘန်ကောက်မြို့တွင်နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံ နှစ်ဦးသည် အခုလ ဒီဇင်ဘာ ၁ရက်ကထိုင်းထီဖွင့်ပွဲတွင် ဘတ်ခြောက်သန်းဆု ကံထူးခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများကိုကူညီပေးနေသည့် M.H.A.C မဟာမိတ်အဖွဲ့ထံမှသိရသည်။
ဘတ်ခြောက်သန်းဆုကံထူးခဲ့သည့် ဇနီးမောင်နှံသည် ရန်ကုန်တိုင်းဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင်ငါးနှစ်ကြာ နေထိုင်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း M.H.A.C မဟာမိတ်အဖွဲ့ တာ၀န်ရှိသူက ပြောသည်။
၎င်းတို့ ကံထူးခဲ့သည့် ထီဆုကြေးငွေကို ကူညီထုတ်ယူပေးရန် M.H.A.C အဖွဲ့ထံ အကူအညီတောင်းလာသဖြင့်ဒီဇင်ဘာ ၄ရက်တွင် ကူညီထုတ်ယူပေးခဲ့ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ကအသိပေးထားသည်။
ဆုကြေးထုတ်ယူပြီးနောက် ကံထူးရှင်ဇနီးမောင်နှံက M.H.A.C အဖွဲ့အတွက် ဘတ်တစ်သိန်းအပြင် M.H.A.C ရုံး၌ခိုလှုံနေသည့် မြန်မာလုပ်သားများအတွက် ကူညီထောက်ပံ့မှုများလည်း ပေးခဲ့ကြောင်း သိရသည်။
ယခုလ ကံထူးရှင် ဇနီးမောင်နှံအပါအ၀င်M.H.A.C အဖွဲ့အနေဖြင့် ဆုကြေးကူညီထုတ်ယူပေးခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၉ဦးအထိရှိလာပြီး ၎င်းတို့အနက် ၇ဦးက နှစ်စောင်တွဲ(ဘတ် ၁၂သန်း)
ကံထူးရှင်များဖြစ်ကြောင်းသိရသည်။
ယခုလဆန်းတွင် ဖွင့်လှစ်သည့် ထိုင်းထီတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့အနီး၌ နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားညီအစ်ကိုနှစ်ဦးကလည်း ဘတ်ခြောက်သန်းဆု နှစ်စောင်တွဲ ကံထူးခဲ့သေးသည်။
ထို့ကြောင့် ယခုလဆန်းတွင် မြန်မာနိုင်ငံသားများကထိုင်းထီပထမဆုသုံးဆုအထိဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။