ဒွန်ဘက်စ်‌ဒေသမှ ယူကရိန်းတပ်တွေ မဆုတ်ခွာရင် အင်အားသုံး သိမ်းပိုက်မယ်လို့ ပူတင်သတိပေး

ယူကရိန်းတပ်တွေအနေနဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာရလိမ့်မယ် ရုရှားသမ္မတ ဗလာဒီမာပူတင်က ထပ်မံသတိပေးခဲ့ပြီး မဟုတ်ပါက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး ညှိနှိုင်းမှုမှန်သမျှကို ငြင်းပယ်ကာ အဲဒီ‌ဒေသကို သိမ်းပိုက်သွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ဒွန်ဘတ်စ်ဒေသရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားကို နယ်မြေလွှဲပြောင်းပေးရေးတို့ကို ငြင်းဆိုထားပါတယ်။
အမေရိကန်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့က မော်စကိုတွ ဆွေးနွေးပွဲအပြီး ရုရှားခေါင်းဆောင်ဟာ စစ်ပွဲကို အဆုံးသတ်လိုတယ်လို့ ယုံကြည်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုခဲ့ပေမယ့် ဒွန်ဘက်စ်‌ဒေသကို သိမ်းပိုက်မယ့်အရေး ပူတင်က သတိပေးလာတာဖြစ်ပါတယ်။
မော်စကိုမှာ ပူတင်နဲ့တွေ့ခဲ့တဲ့ အမေရိကန်ထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ဟာ ဖလော်ရီဒါမှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရန် စီစဉ်ထားပါတယ်။ ထရန့်ကတော့ မော်စကိုဆွေးနွေးပွဲဟာ ကျိုးကြောင်းဆီလျော်ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပေမယ့် ဘာဆက်ဖြစ်မယ်ဆိုတာ ပြောဖို့စောလွန်းတယ်လို့ ဆိုပါတယ်။
အမေရိကန် ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ မူလအဆိုပြုချက်မှာ ယူကရိန်းရဲ့ ဒွန်ဘတ်စ်ဒေသတွေကို ရုရှားထိန်းချုပ်မှုအောက်ကို လွှဲပြောင်းပေးဖို့ အဆိုပြုထားပေမယ့် မော်စကိုဆွေးနွေးပွဲမှာတော့ အမေရိကန်သံတမန်ဟာ ပြင်ဆင်ထားတဲ့ အဆိုပြုချက်ကိုသာ တင်ပြခဲ့ပါတယ်။
ရုရှားဟာ အမေရိကန်အစီအစဉ်ရဲ့ အစိတ်အပိုင်းတချို့ကို သဘောမတူဘူးလို့ ပူတင်ကပြောပါတယ်။ သူက အငြင်းပွားစရာအချက်တွေကို မဖော်ပြခဲ့ပေမယ့် ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေရဲ့ ကံကြမ္မာနဲ့ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်စတဲ့ အငြင်းပွားစရာ အဓိကအချက်နှစ်ချက် ရှိနေပါတယ်။
ပူတင်ရဲ့ အကြီးတန်းနိုင်ငံခြားရေးမူဝါဒအကြံပေးနဲ့ အဓိကညှိနှိုင်းရေးမှူး ယူရီယူရှာကော့ဗ်ကတော့ အမေရိကန်နဲ့ ဆွေးနွေးပွဲမှာ စစ်ပွဲကို အဆုံးသတ်ဖို့ ညှိနှိုင်းမှုမရှိဘူးလို့ ပြောပါတယ်။ ရုရှားဟာ ဘယ်လို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုမဆို နှောင့်နှေးစေတယ်လို့ ယူကရိန်းက အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး မော်စကိုဟာ ယူကရိန်းနယ်မြေတွေကို ပိုမိုသိမ်းပိုက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ရုရှားဟာ အချိန်ဖြုန်းနေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပါတယ်။ ယူကရိန်းကတော့ ဘယ်လိုသဘောတူညီချက်မျိုးမဆို ခိုင်မာသောလုံခြုံရေးအာမခံချက်တွေ ပါဝင်ရမယ်လို့ ပြောဆိုထားပါတယ်။

image