လက်ဘနွန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုအပြီး ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေး လေကြောင်းတိုက်ခိုက်

အစ္စရေးနဲ့ လက်ဘနွန်တို့အကြာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွေ ကျင်းပပြီး တရက်မပြည့်မီပင် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ရဲ့ လက်နက်ဂိုဒေါင်တွေလို့ အစ္စရေးစစ်တပ်က စွပ်စွဲထားတဲ့ နေရာများအနီးကနေ ထွက်ခွာကြဖို့ အမ်ဂျာဒယ်လ်၊ ဘာရာချစ်၊ ဂျေဘာနဲ့ မာရိုအူနာ မြို့ခံတွေကို အစ္စရေးက သတိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါဘူး ။ အဲဒီလိုနေရာတွေ ဆက်လက်ရှိနေတာဟာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတခုဖြစ်ပြီး အစ္စရေးအပေါ် ခြိမ်းခြောက်မှုတိုင်းကို ဖယ်ရှားသွားပစ်မယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၁၃ လကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ချိန်မှစပြီး အစ္စရေးဟာ လက်ဘနွန်မှာ နေ့စဉ်နီးပါး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ။ ဒီဇင်ဘာ ၄ ရက် တိုက်ခိုက်မှုတွေအပေါ် လက်ဘနွန်ခေါင်းဆောင်တွေကတော့ မှတ်ချက်မပေးသေးပါဘူး။
လက်ဘနွန်နိုင်ငံရေးသမားတွေကတော့ ယခင်က အလားတူတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဒါဟာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများအဖြစ် ရှုတ်ချခဲ့ကြပါတယ်။
အမေရိကန်နဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက် ပထမအဆင့်အရ အစ္စရေးတပ်တွေဟာ လက်ဘနွန်တောင်ပိုင်းမှ ဆုတ်ခွာရမည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာတွေကတော့ အစ္စရေးနယ်စပ်မှ မိုင် ၂၀ အကွာရှိ လီတာနီမြစ်ရဲ့ တောင်ဘက်မှာ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ လက်နက်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။
ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် မကြာသေးမီကလတွေအတွင်း အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းကို မြေပြင်ထိုးစစ်ဆင်ခဲ့ပါတယ်။

image