ဗန်းမော်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီဇင်ဘာလ ၃ ရက်နေ့က ဗန်းမော် တိုက်ပွဲ တော်တော် ပြင်းထန်တယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ကတည်းက ဗန်းမော်ဘက် လက်နက်ကြီးသံ တုန်ခါတဲ့ အထိ ကြားကြားလာနေရတယ်။ ဘယ်လို လက်နက်ကြီးတွေနဲ့ ပစ်ကြသလဲ မသိဘူး။ စစ်တပ်ဘက်က မီး ကျည်တွေနဲ့ ပစ်ထည့်နေတာတွေ့ရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ဗန်းမော် တိုက်ပွဲ တနှစ်ပြည့်သွားပြီဖြစ်ပြီး ထိခိုက် ပျက်စီးမှုတွေလည်း အတော် များနေပြီ လို့ သူက ပြောပါတယ်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် အစောပိုင်းကလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ပြင်းပြင်းထန်ထန် ပြန်ကြားနေရပြီး လက်နက်ကြီး သံတွေကတော့ တချက်တချက် မြေကြီးတောင် တုန်ခါအောင် ကြားနေရကာ စစ်တပ်က လက်လွှတ်ခဲ့ရတဲ့ နေရာတချို့ ပြန်ရထားတယ်လို့လည်း ကြားတယ်လို့ ဆိုပါတယ်။
“ဗန်းမော်က တိုက်ပွဲ ဆက်ပြင်းထန်နေတုန်းပဲ။ ဒီဇင်ဘာလ ၃ ရက်နေ့ညက မြေပြင်မှာ ရှိတဲ့သူတွေနဲ့ စကားပြောဖြစ်တယ်။ ပစ်ခတ်နေကြတုန်းပဲလို့ ပြောပြတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
နမ့်ဖား၊ ဗန်းမော် တက္ကသိုလ်၊ တာမိုင်းလုံ တွေဘက်မှာတော့ နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားတယ်လို့ ပြောတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ ဗန်းမော်ဘက် အစိုးရ စစ်တပ်ဘက်က စစ်အင်အား၊ လက်နက်အင်အားတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေ ရောက်ရှိလာပြီး KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေဆီ အင်အား အလုံးအရင်းနဲ့ တန်ပြန် ထိုးစစ် ပြန်ဆင်လာတာကြောင့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က နေရာ တချို့ကနေ ရှောင်သွားခဲ့တာတွေ ရှိကြောင်း လိုင်ဇာ FM က သတင်းထုတ်ထားပါတယ်။
စစ်တပ်က ဗန်းမော် မကျအောင် နေ့တိုင်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေ မရပ်မနား ပစ်ခတ်တိုက်ခိုက်နေပြီး လေယာဉ်ဗုံး၊ ဒရုန်းဗုံး နဲ့ လက်နက်ကြီးတွေ ကျရောက်ထိမှန်တာကြောင့် မြို့ပေါ်က နေအိမ် အများအပြား ထိခိုက်ပျက်စီးသွားကာ ဒေသခံပြည်သူတွေကတော့ ဘေးကင်းရာဘက် ရှောင်တိမ်းနေထိုင်နေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

image